ဆော်ဒီအားကစားဝန်ကြီးဌာနဟာ ကော်စတာရီကာကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ မီဒီယာတွေနဲ့ စကားပြောဆိုမှုတွေ မပြုလုပ်ဖို့အတွက် တားမြစ်သွားခဲ့ပါတယ်။ ဆော်ဒီနည်းပြသစ် ရောဘတ်တိုမန်စီနီ ပထမဆုံးတာဝန်ယူခဲ့တဲ့ပွဲဖြစ်ပြီး အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ဘယ်လိုရလဒ်ပဲထွက်ထွက် ပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်နေကျဖြစ်ပြီး မတက်ရောက်ဘူးဆိုတာ ရှားရှားပါးပါးအခြေအနေမျိုးမှသာ ဖြစ်ပါတယ်။ နယူးကာဆယ်ရဲ့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပတ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ အရေးနိမ့်အပြီး ဆော်ဒီအားကစားဝန်ကြီးဌာနကိုယ်တိုင်က တားမြစ်ခဲ့မှုသက်သက်သာ ဖြစ်ကာ နယူးကာဆယ်နဲ့ လုံး၀သက်ဆိုင်မှုမရှိဘူးလို့ ဆိုပါတယ်။
ဒီလိုလုပ်ဆောင်ရတာဟာ ဆော်ဒီအစိုးရရဲ့ အမိန့်ကြောင့်ဖြစ်တယ်လို့ Sky Sports က ဆိုပါတယ်။ ဒီပွဲမတိုင်ခင်မှာ နယူးကာဆယ်ပရိသတ်တွေကလည်း သူတို့ရဲ့ အိမ်ကွင်းမှာ ဒီလိုမျိုး ဆော်ဒီလက်ရွေးစင်အသင်းပွဲကို ကျင်းပတဲ့အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး မကျေနပ်ဘူးလို့ ဆိုခဲ့ကြပါတယ်။
နယူးကာဆယ်အသင်းကို ဆော်ဒီက ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒီအတွက် အကျိုးဆက်အားဖြင့် ဆော်ဒီအသင်းပွဲတွေကို ကျင်းပဖို့ပါ ဖြစ်လာခဲ့တာပါ။ မန်စီနီဟာ ဆော်ဒီနည်းပြအဖြစ် ပြီးခဲ့တဲ့လအတွင်းက ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး တနှစ်ကို အခွန်ဆောင်အပြီး လုပ်ခလစာ ပေါင် ၂၁.၅ သန်းအထိ ရရှိမယ်လို့ သိရပါတယ်။