ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး ရေပြတ်တောက်မှုဖြစ်ပေါ်ခဲ့တဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့ကို ရန်ကုန်စည်ပင်က ရေပြန်လည်ပေးဝေနေပြီလို့ ကြေညာထားပေမယ့် လက်ရှိအချိန်အထိ မြို့နယ်တွေမှာ ရေအခက်အခဲကြုံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၂ ရက် ည ၈ နာရီခွဲလောက်က ရေကူးရေတွန်းစက်ရုံမှာ ထရန်စဖော်မာလောင်သွားခဲ့တာကြောင့် ရေကူးရေတွန်းစက်ရုံကနေ တိုက်ရိုက်ရေပေးဝေတဲ့ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ ကမာရွတ်မြို့နယ်နဲ့ ကုက္ကိုင်းရေလှောင်ကန်ကတစ်ဆင့် ရေပေးဝေနေတဲ့ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်းနှင့် ကမာရွတ်မြို့နယ်တွေမှာ ၃ ရက်ကြာ ရေအားနည်းတာနဲ့ ရေပြတ်တောက်တာတွေ ကြုံတွေ့ခဲ့ရတာပါ။
အဲဒီနောက် ပြန်လည်ပြင်ဆင်မှုတွေလုပ်ခဲ့ကာ ဇူလိုင် ၁၅ ရက်ကစပြီး မြို့နယ်တွေကို ရေပြန်လည်ပေးဝေနေပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဦးစိန်အုန်းက Duwun ကိုပြောပါတယ်။
“ ကုက္ကိုင်းရေစုကန်မှာရေပုံမှန်ရပြီဖြစ်လို့ ကမာရွတ်၊ အလုံ၊ ကြည့်မြင့်တိုင်၊ စမ်းချောင်း ၊လမ်းမတော်၊လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊တာမွေ၊ ဒဂုံ စတဲ့မြို့နယ်အကုန်လုံးကိုစပေးနေပါပြီ။ တစ်ချို့အိမ်တွေမှာ ရေမရဘူးပြောကြတာက ရေပြတ်တာ ၃ ရက်လောက်ရှိပြီဖြစ်တော့ ရေမော်တော်တာတွေက လေခိုသွားလို့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ရေချူပြီး ပြန်တင်တာမျိုးတွေ လုပ်ရပါမယ်” လို့ ဦးစိန်အုန်းက ဆိုပါတယ်။
လက်ရှိ ကမာရွတ်မြို့နယ်မှာတော့ အခုချိန်အထိ ရေရရှိမှုက ပုံမှန်အချိန်မဟုတ်သေးတာကြောင့် နေထိုင်သူတွေကတော့ အခက်အခဲနဲ့ ကြုံနေရတယ်လို့ ကမာရွတ်မြို့နယ် မှာနေထိုင်သူတစ်ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးက ဆိုပါတယ်။
“ ရေမလာတာ ၃ ရက်ရှိပြီး။ မနေ့ည (ဇူလိုင် ၁၆ ရက်) က ၁၂ နာရီမှာ ပြန်လာတယ်။ ဒါတောင် တရားဝင်ကြေညာလို့သိတာမဟုတ်ဘူး။ ပတ်ဝန်းကျင်က ရေတွေထဖြည့်သံကြားလို့ ကျွန်တောတို့လည်းသိရတာပါ။ လာတဲ့ရေတွေကလည်း ညစ်ပတ်ပြီး သုံးလို့မရဖြစ်နေတယ်။ အခုဒီနေ့မနက်ထိ ပုံမှန်လာနေကျအချိန်တွေမှာ ပြန်မလာသေးဘူး။ အဲဒီလိုဖြစ်တော့ ကျွန်တော်တို့က ဘယ်အချိန်လာမှန်းမသိဘဲ စောင့်နေရတာတော့ အခက်အခဲဖြစ်တယ်” လို့ ဆိုပါတယ်။
လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ တစ်ရက်ကို ရေဂါလံ သန်း ၂၀၀ ကျော်ကို ရန်ကုန်ပြည်သူလူထုအတွက် ပေးဝေနေတာဖြစ်တယ်လို့လည်းသိရပါတယ်။