သရုပ်ဆောင် ဘုန်းသီရိကျော်ကတော့ အနုပညာအလုပ်တွေ လုပ်နေရပေမယ့် စီးပွားရေးလုပ်ဖို့လည်း စိတ်ဝင်စားတဲ့အကြောင်း ပြောပြလာပါတယ်။
Photo: Phone Thiri Kyaw
ဘုန်းသီရိကျော်ဟာ သူမရဲ့ အနုပညာကြေးတွေကို မိဘတွေဆီမအပ်ဘူးလို့ ဆိုပါတယ်။ ဒီပိုက်ဆံတွေကို သေသေချာချာ စုထားတယ်လို့ Duwun ကို ပြောပြခဲ့ပါတယ်။
“ ကိုယ့်ရဲ့ အနုပညာကြေးတွေကို မိဘတွေကို မအပ်ဖြစ်ဘူး။ ကိုယ်ရတဲ့ပိုက်ဆံကို ဘဏ်ထဲမှာပဲ စုဖြစ်တယ်။ မိဘတွေကလည်း ကိုယ့်ကို ပိုက်ဆံပြန်အပ်စရာမလိုဘူး။ ကိုယ့်ရဲ့ ငွေကို ကိုယ့်ဘာသာကိုယ်ပဲ စီမံဆိုပြီးတော့ ပြောထားတယ်။ ဒါပေမယ့် ကိုယ့်မိဘတွေကိုတော့ အနုပညာကြေး များများရရင် များများ ကန်တော့ဖြစ်သလို နည်းနည်းပဲရရင်တော့ မုန့်လေး ကျွေးဖြစ်တာပေါ့” လို့သူကဆိုပါတယ်။
Photo: Phone Thiri Kyaw
ဘုန်းသီရိကျော်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ရည်ရွယ်ချက်ကြောင့် ပိုက်ဆံစုနေတာလို့ဆိုပါတယ်။ စီးပွားရေးလုပ်ချင်တဲ့ သူမရဲ့ ဆန္ဒကို အခုလို ပြောပြလာပါတယ်။
“ အနုပညာအလုပ်ဆိုတာက ရေရှည်သွားလို့ရမယ်လို့တော့ ညီမ မထင်ပါဘူး။ အသက်အရွယ်တစ်ခုအရ ကံပါတယ်၊ စန်းတွေပါမယ်။ တစ်ခုခုများ ကိုယ်စကားမှားသွားလို့ ကံမကောင်းဖြစ်သွားရင်လည်း အခက်တွေ့မှာဆိုတော့ ညီမအတွက် ရေရှည်ကျန်မယ့် စီးပွားရေးလုပ်ဖို့ ပိုက်ဆံစုထားတာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Phone Thiri Kyaw
ဘုန်းသီရိကျော်ဟာ အဆိုတော် ဇော်ပိုင်ရဲ့ "ပြည့်စုံလွန်း" ဆိုတဲ့ သီချင်း MTV လေးကနေတဆင့် အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့သူပါ။ TV ကြော်ငြာများစွာလည်း ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်ဘက်ကိုလည်း ခြေလှမ်းစတင်နေ ပြီဖြစ်ပါတယ်။ ဘုန်းသီရိကျော်ကိုတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ Jenny လို့လည်း ခေါ်ကြပါသေးတယ်။ အနုပညာ အလုပ်တွေကို အောင်မြင်ဖို့ ကြိုးစားနေပေမယ့် ပညာရေးမှာတော့ သူမက ဥပဒေနဲ့ ဘွဲ့ရရှိထားပြီးပါပြီ။