သရုပ်ဆောင် ထူးအောင်ကတော့ စာဖတ်တာပျင်းတဲ့သူ ဆိုပေမယ့် သူဝါသနာပါတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အကြောင်းကို စာပေတွေကနေတဆင့် လေ့လာနေတဲ့အကြောင်းပြောပြလာပါတယ်။
Photo: Htoo Aung
သရုပ်ဆောင် ထူးအောင်ဟာ လတ်တလောမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ စာပေတွေ လေ့လာနေတယ်လို့ ဆိုပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်လို့လည်း သူ့ရဲ့ ဆန္ဒကို Duwun ကို ဖြေဆိုခဲ့ပါတယ်။
“ ကျွန်တော်က စာဖတ်ရတာ တော်တော် ပျင်းတဲ့သူပါ။ အခုနောက်ပိုင်းတော့ စာ တော်တော်များများ ဖတ်ဖြစ်လာပါတယ်။ ဒါပေမယ့် စီးပွားရေးနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေပဲ ဖတ်တာများတယ်။ စီးပွားရေးအလုပ်ကို ဝါသနာပါတယ်။ ကျွန်တော် အရွယ်တစ်ခု ရောက်လာတဲ့အချိန်ကျရင် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အနေနဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတာဆိုတော့ ဒါလေးတွေကိုလည်း လိုက်လေ့လာနေပါတယ်” ဆိုပြီးတော့ Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Htoo Aung
ထူးအောင်ဟာ မေလ(၂၂) ရက်နေ့တုန်းက သူ့ရဲ့ မွေးနေ့ အလှူအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ နေ့လည်စာ အာဟာရ အလှူပြုခဲ့ပါတယ်။ အဲဒီနောက် သူ တစ်ဦးတည်းအလှူအဖြစ် ငွေကျပ်(၁၀)သိန်း၊ သူ့ကို ချစ်တဲ့ ပရိသတ်တွေရဲ့ အလှူအဖြစ် ငွေကျပ်(၂ သိန်း ၈ သောင်း) ကျပ်တို့ကို လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။ သူဟာ နာရေးကူညီမှုအသင်းမှာလည်း လုပ်အားပေး တစ်ယောက်အနေနဲ့ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။
Photo: Bling Bling
ထူးအောင်ကိုတော့ Model တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အဆက်မပြတ် ရိုက်ကူးနေရတာကိုလည်းတွေ့ရပါတယ်။ သူဟာ တက်သစ်စ လူငယ်သရုပ်ဆောင်တွေထဲမှာမှ အနုပညာအလုပ်တွေလည်း ပိုလုပ်လာရသူဖြစ်သလို ပရိသတ်အခိုင်အမာ ရရှိနေတဲ့ သရုပ်ဆောင်သစ် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။