COVID အလွန် အွန်လိုင်းဈေးကွက်ခန့်မှန်းချက်တွေကလည်း ထင်သလို ဖြစ်မလာခဲ့ဘူးလို့ ဆိုပါတယ်

နာမည်ကျော် နည်းပညာလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Meta ဟာ ဝန်ထမ်းအင်အားရဲ့ ၁၃% ကို လျှော့ချမှု လုပ်ဆောင်လိုက်ပါတယ်။

Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ် ပေးပို့တဲ့ မက်ဆေ့ချ်ထဲမှာ အရည်အချင်းရှိတဲ့ ဝန်ထမ်း ၁၁၀၀၀ ကျော်ကို ကုမ္ပဏီက ထွက်ခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။ ဒါဟာ ကုမ္ပဏီဝန်ထမ်းအင်အားစုစုပေါင်းရဲ့ ၁၃% ကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။ ဝန်ထမ်းသောင်းချီ အလုပ်ထုတ်လိုက်တဲ့ကိစ္စကို တာဝန်ခံကြောင်းနဲ့ ထိခိုက်နစ်နာမှုအပေါ် အထူးပဲ စိတ်မကောင်းကြောင်း မတ်ခ်ဇူကာဘတ်က ပြောပါတယ်။ 




Photo: opindia


အခုလို လူပေါင်း ၁၁၀၀၀ ကျော် အလုပ်ထုတ်လိုက်ရတာဟာ ရင်းနှီးမြှပ်နှံမှုမှာ တလွဲဆုံးဖြတ်တွက်ချက်မှုတွေ ၊ ကြော်ငြာဈေးကွက်အားနည်းလာတာတွေ နဲ့ စီးပွားရေးအင်အားစုကြီး အကျဘက်ရောက်လာတာတွေကြောင့်လို့လည်း မတ်ခ်ဇူကာဘတ်က ဆိုပါတယ်။ COVID ကပ်ဘေးအလွန် ရှေ့ဆက်သွားမယ့် အွန်လိုင်းကမ္ဘာပုံစံပေါ် ခန့်မှန်းတွက်ချက်မှုတွေကလည်း မှန်းထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူးလို့ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ 

ကုမ္ပဏီအနေနဲ့ အပြိုင်အဆိုင်တွေ တိုးလာတာ ၊ ကြော်ငြာဝင်ငွေဆုံးရှုံးတာ ၊ ဝင်ငွေအကျဘက်ဦးတည်လာတာတွေ ကြုံတွေ့ခဲ့ပါတယ်။ Meta ဟာ ငွေပင်ငွေရင်း ပိုထိရောက်ခိုင်မာဖို့ လိုအပ်လာပြီး AI ရှာဖွေစူးစမ်းရေးအင်ဂျင်လို ထိပ်တန်းဦးစားပေးဖွံ့ဖြိုးရေး နယ်ပယ်တွေနဲ့ metaverse အတွက် ရေရှည်မျှော်မှန်းချက်တွေပေါ် အရင်းအမြစ်တွေ ရွှေ့ပြောင်းဖို့ လိုအပ်လာနေပါတယ်။ Meta ရဲ့ ငွေရင်းပိုခိုင်မာလာဖို့ အသုံးအစွဲဘတ်ဂျက် နဲ့ ဆုကြေးအမြတ်အစွန်းပေးတာ လျှော့ချရဖို့ ရှိသလို အိမ်ခြံမြေရုံးအဆောက်အဦအပေါ် သုံးစွဲမှု လျှော့လာနိုင်ပါတယ်။ 

Photo: businesstoday




ဒီလို လျှော့ချမှုတွေနဲ့လည်း ဝင်ငွေဖွံ့ဖြိုးမှု ထိန်းထားဖို့ မလုံလောက်နိုင်တာကြောင့် မတ်ခ်ဇူကာဘတ်အနေနဲ့ စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ ၁၃% ကို အလုပ်လျှော့ချဖို့ ဆုံးဖြတ်လိုက်တာပါ။ အမေရိကန်ပြည်ထောင်စုအတွင်းက အလုပ်ရပ်နားခံလိုက်ရတဲ့ ဝန်ထမ်းတွေဟာ အလုပ်နားကြေး ၊ လက်ကျန်ခွင့် နဲ့ နောက် ၆ လစာ ကျန်းမာရေးအာမခံကြေးအပြင် နောက်အလုပ်သစ် ရှာဖွေရေးမှာပါ အကူအညီရရှိမှာ ဖြစ်ပါတယ်။ 

အမေရိကန်ပြင်ပ Meta ဝန်ထမ်းတွေကတော့ နိုင်ငံအလိုက် ဝန်ထမ်းဥပဒေအရ ခံစားခွင့်တွေ ရရှိမယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က