Huawei ရဲ့ နှစ်အလိုက် ဝင်ငွေ ထိုးကျလာနေပါတယ်

တရုတ်တယ်လီကွန်းဆက်သွယ်ရေးနည်းပညာကုမ္ပဏီ Huawei ဟာ ၂၀၂၁ မှာ နှစ်အလိုက်ဝင်ငွေ ၂၈.၉% ကျဆင်းဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ 

အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှု ၊ Semiconductor ပြတ်လပ်မှု နဲ့ ကမ္ဘာတဝှမ်း Huawei စမတ်ဖုန်းဝယ်လိုအား ထိုးကျမှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် Huawei ရဲ့ ဝင်ငွေဟာ ၂၀၂၀ ခုနှစ်ကထက် ၂၈.၉% အထိ ကျဆင်းနိုင်တယ်လို့ CNBC သတင်းက ဆိုပါတယ်။ ဒီသတင်းမှာပဲ Huawei ဟာ ၂၀၂၁ ဝင်ငွေ ယွမ် ၆၃၄ ဘီလျံ (ဒေါ်လာ ၉၉ ဘီလျံ) ရမယ်လို့ ခန့်မှန်းကြောင်း ဖော်ပြထားပါတယ်။ 



Huawei တည်ထောင်သူ ရန်ကျင်းဖေ့ (Photo: CNBC)


Huawei ရဲ့၂၀၂၁ ဒုတိယနှစ်ဝက် ဝင်ငွေဟာ ပထမနှစ်ဝက် ၆ လ ဝင်ငွေ ယွမ် ၃၂၀.၄ ဘီလျံကနေ ၃၁၃.၆ ဘီလျံအထိ ကျဆင်းလာတာကို ရည်ညွှန်းပြီး တစ်နှစ်စာ ဝင်ငွေရလဒ်ကို ခန့်မှန်းထားတာပါ။ ကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ယွမ် ၈၉၁.၄ ဘီလျံ ဝင်ငွေရရှိခဲ့ပြီး အရင် ၂၀၁၉ ခုနှစ်ကထက် ဝင်ငွေ ၃.၈% တိုးလာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဝင်ငွေဟာ ယွမ် ၈၅၈.၈ ဘီလျံရှိခဲ့ပြီး နှစ်အလိုက် ဝင်ငွေရရှိမှုဟာ ၁၉.၁% ရှိလာခဲ့တာဖြစ်လို့ ၂၀၂၀ ခုနှစ် နှစ်အလိုက်ဝင်ငွေ မြင့်တက်နှုန်းဟာ ၂၀၁၉ ခုနှစ်ကထက် အများကြီး နှေးကွေးသွားခဲ့တာလို့ ဆိုနိုင်ပါတယ်။ 

သောကြာနေ့က ဝန်ထမ်းတွေကို ပေးပို့တဲ့ Huawei အလှည့်ကျဥက္ကဌ ဂေါင်ပင်ရဲ့ နှစ်သစ်ကူးသဝဏ်လွှာမှာ ၂၀၂၁ ခုနှစ်အတွက် ခန့်မှန်းဝင်ငွေအကြောင်း ပြောထားပေမယ့် ဝင်ငွေကျဆင်းရတဲ့အကြောင်းတော့ အတိအကျ ပြောမသွားခဲ့ပါဘူး။ စာထဲမှာတော့ ခန့်မှန်းလို့ မရတဲ့ စီးပွားရေးဝန်းကျင် ၊ နည်းပညာရဲ့ နိုင်ငံရေးဆန်လာခြင်း နဲ့ တိုးပွားလာတဲ့ ကမ္ဘာပြုမှုပျက်ယွင်းခြင်းရဲ့ လေးနက်တဲ့ စိန်ခေါ်မှုတွေကြောင့်လို့ပဲ ဖော်ပြထားပါတယ်။ 

တယ်လီကွန်းစီးပွားရေးအနေနဲ့ တည်ငြိမ်နေဆဲ ဖြစ်ပြီး Enterprise စီးပွားရေးကလည်း ခိုင်မာတဲ့ ဖွံ့ဖြိုးမှု ရှိသလို ထုတ်ကုန်စီးပွားရေးကလည်း စီးပွားနယ်ပယ်သစ်ကို လျင်လျင်မြန်မြန် တိုးချဲ့ လာနေတယ်လို့ ဂေါင်ပင်က ပြောပါတယ်။ လာမယ့်နှစ်အတွက် ကုမ္ပဏီကို ပြန်ဖွဲ့စည်းပြီး ပညာရှင်သစ်တွေ ထပ်ပြီး တိုးချဲ့ခေါ်ယူသွားမှာ ဖြစ်သလို မော်တော်ယာဉ်ပိုင်း နည်းပညာဖွံ့ဖြိုးရေးကိုလည်း တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ Huawei ဟာ HarmonyOS စနစ်သုံး ပထမဆုံးလျှပ်စစ်ကားကို ကြေညာသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က