အဆင့်အတန်းမြင့်တယ်ဆိုတဲ့ ဘဝကို လူတိုင်းလိုလားကြပါတယ်။ ဘယ်သူမဆို အဆင့်အတန်းမြင့်မြင့်နေချင်ကြပါတယ်။ ဘဝရဲ့ နေထိုင်မှုအဆင့်မြင့်ဖို့ လိုအပ်သလို စိတ်ရဲ့ အဆင့်အတန်းမြင့်မားဖို့လည်း လိုအပ်ပါတယ်၊စိတ်အဆင့်အတန်းနိမ့်တယ်ဆိုတာ တကယ်တော့ ကိုယ့်ကြောင့် တစ်ဖက်သားစိတ်အနှောင့်အယှက်ဖြစ်တာကို ကျေနပ်တဲ့ ၊ ကိုယ့်ကြောင့်လူတစ်ဖက်သား ထိခိုက်နစ်နာသွားအောင် လုပ်လိုက်ရတာကို သဘောခွေ့တဲ့ လူတွေရဲ့ စိတ်ကိုဆိုလိုတာပဲ ဖြစ်ပါတယ်။
စကားကို လိမ်လည်ပြီး ဗလောင်းဗလဲပြောဆိုတာ
လူတိုင်း မလိမ်ဖူးတဲ့သူရယ်လို့ မရှိပါဘူး။ ကိစ္စကြီးငယ်ကြုံလာတဲ့အခါ မတတ်သာလို့ လိမ်လိုက်ရတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ စကားကို ခုတစ်မျိုး၊ တော်ကြာတစ်မျိုးပြောဆိုနေတာ။ တစ်ဖက်သားဘက်ကို မကြည့်ဘဲ ကိုယ့်အတွက်ကိုသာ ကြည့်ပြီး ပြောဆိုတာ၊ ကိုယ်လိုတဲ့ အခါ လိုသလို ပြောပြီး မလိုတဲ့အခါမျိုးတွေမှာ ချောက်ချပြောဆိုတတ်တာတွေ၊ အပေါင်းအသင်းတွေကြားထဲ တပါးသူမပြောပါဘဲ ပြောသယောင်ယောင် ကုန်းတိုက်တာတွေဟာ စိတ်ဓာတ်အဆင့်အတန်းကျတဲ့သူတွေရဲ့ အပြုအမူတွေပါပဲ။
မရှိဘဲ ရှိသယောင်ကြွားဝါပြောဆိုတာ
တချို့စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျသူတွေကတော့ သနားစရာကောင်းတယ်လို့ ပြောရမလိုပါပဲ။ ကိုယ့်မှာမရှိဘဲ ရှိသယောင်ယောင်ဟန်ဆောင်ကြွားဝါတာဟာ စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျတာပါ။ ကိုယ့်မှာ ရှိတာတွေအတွက် ရှက်စရာမလိုပါဘူး။ ကိုယ့်မှာ မရှိတာကတွေကို ရှိချင်ယောင်ဆောင်တာကမှ တကယ့်ရှက်စရာဖြစ်ကြောင်း စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျသူတွေက မသိကြပါဘူး။
Giant Wave Co.,Ltd မှာ Product Executive အဖြစ်တာဝန်ယူနေတဲ့ မခင်ပြည့်စုံကတော့ သူကြုံဖူးတဲ့ စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျသူတွေအကြောင်းကို Duwun ကို ခုလို ပြောပြပါတယ်။
"စိတ်အဆင့်အတန်းနိမ့်တယ်လို့ ယူဆရတဲ့ လူတချို့ လို့ပဲဆိုမလား လုပ်ငန်းခွင်ပတ်၀န်းကျင်မှာဆုံဖူးပါတယ်။ သူများလျှို့ ဝှက်ထားတဲ့ personal အကြောင်းတွေကို ပြန်ပြောတာတို့ ၊ ကိုယ့် personal ကို ဝေဖန်ရှုံ့ချတာတို့ အလုပ်မှာ အနှောင့်အယှက်ဖြစ်အောင် ကြားထဲကနေ မဟုတ်စကားတွေ ပြောတာမျိုးတွေတော့ ကြုံရဖူးပါတယ်။ အဲ့ဒီလို ကြုံရတဲ့ အခါ ညီမ တွေးဖြစ်တာက Attack လုပ်မလား ဒါမှမဟုတ် ဒီတိုင်းထားလိုက်မလားဆိုပြီး တွေးဖြစ်တယ်။ ညီမ type အရတော့ attack ပြန်လုပ်တာရှားတယ်၊ ဒီအတိုင်းပဲ ထားလိုက်တယ်။ ထိပ်တိုက် ဆုံတွေ့ရင်တော့ ပြန်ဖြေရှင်းတာမျိုးတော့ရှိတယ်။"
တာဝန်ယူမှု၊တာဝန်ခံမှုမရှိတာ
စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျသူတွေက သူများကို ချောက်တွန်းဖို့ ၊ သူများကို တာဝန်ပိပစ်ဖို့ ၊ တာဝန်တွေ ပိုလာတဲ့အခါ လွှဲချဖို့သာ အမြဲတွေးနေတတ်ကြတာပါ။ ကိုယ်လုပ်တဲ့ လုပ်ရပ်တွေကို တာဝန်ယူဖို့တာဝန်ခံဖို့ စိတ်ဓာတ်လုံးဝမရှိကြပါဘူး။ ခေါင်းရှောင်ဖို့အတွက် အမြဲတွေးနေတတ်ကြတဲ့သူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့လာခဲ့ပြီဆိုရင် ဒီလူဟာ စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျသူပါလားဆိုတာကိုတစ်ခါတည်းတွေးပြီး အတူအလုပ်တွဲလုပ်တဲ့အချိန်တွေမှာ သတိထားဆက်ဆံဖို့ လိုပါတယ်။
စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျမှုအကြောင်းနဲ့ ပတ်သက်ပြီး Myanmar Metropolitan College မှာ Part-time Lecturer တစ်ယောက်ဖြစ်ပြီး Nebula Trading Co., Ltd ရဲ့ ဒါရိုက်တာ ဖြစ်တဲ့ မပြည့်လှိုင်ဥ◌ီး (ပန်ဒိုရာ)က Duwun ကို ခုလိုပြောပါတယ်။
"စိတ်ဓာတ်အဆင့်အတန်း နိမ့်တဲ့သူ ဆိုတဲ့စကားမှာ အဆင့်အတန်း ဆိုတာပါတယ်။ နိမ့်တယ် ဆိုတာ ပါတယ်။ အဲဒီနေရာမှာ ကျွန်မရဲ့ အယူအဆတစ်ခုကတော့ ဘယ်နေရာမှာမဆို အဆင့်အတန်းခွဲခြားတာတို့ ဘယ်သူက မြင့်တယ် ဘယ်သူကနိမ့်တယ်လို့ သတ်မှတ်တာတို့ကို တတ်နိုင်သမျှ မလုပ်ချင်ပါဘူး။ စိတ်ဓာတ်၊ စိတ်နေသဘောထား စတာတွေနဲ့ ပတ်သက်လာရင် တစ်ဦးနဲ့တစ်ဦး တွေးခေါ်ပုံတွေ၊ အယူအဆတွေ၊ အမြင်တွေ၊ ပြောဆိုပြုမှုပုံတွေဟာ ထပ်တူမညီတာတွေ ရှိလာနိုင်ပါတယ်။ တဖက်လူနဲ့ ဆက်ဆံပြောဆိုတဲ့အခါ သဘောမတူနိုင်တာတွေ ရှိလာတဲ့အခါ သူကတော့ စိတ်ဓာတ် စသဖြင့် တစ်ခုခု အဆင့်အတန်း နိမ့်လို့ပဲ ငါကတော့ မြင့်လို့ပဲ လို့ သဘောထားခြင်းဟာ ပြဿနာတစ်ခုကို တကယ် ပြေလည်အောင် ဖြေရှင်းနိုင်မယ့် သဘောထားလို့ မထင်ပါဘူး။ မတူညီမှုရှိလာတဲ့အခါ ပြေလည်အောင် ဖြေရှင်းပြောဆိုလို့ ရနိုင်မယ့်လူဆိုရင် ကိုယ့်ရဲ့ အကြောင်းရင်းတွေဟာ ဘယ်ကလာတယ်၊ ဘာကြောင့်ဆိုတာကို အေးအေးဆေးဆေး ရှင်းလင်းပြပြီး ပဋိပက္ခကို ရှောင်ရှားနိုင်ပါတယ်။ ပြောဆိုဆွေးနွေးလို့ နားမလည်နိုင်အောင် ကိုယ်နဲ့ ခြားနားနေနိုင်တဲ့လူဆိုရင်တော့ သူ့ရဲ့ ပြုမှုပြောဆိုပုံကို ခံစားတုံ့ပြန်မနေဘဲ ကျော်လွှားပစ် ဥပေက္ခာပြုပစ်နိုင်ရင် အကောင်းဆုံးပါပဲ။ လူတွေဟာ ကိုယ့်သိမှုနယ်ပယ်နဲ့ ကိုယ့်အတွေ့အကြုံထဲကပဲ ပြောဆိုနေထိုင်ကြလေ့ရှိပါတယ်။ တန်ဖိုး၊ ကျင့်ဝတ် ဆိုတာတွေလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ကြီးပြင်းမှုပုံစံနဲ့ ပတ်ဝန်းကျင်လည်း မတူကြပါဘူး။ ရှုထောင့် အမြင်တွေလည်း ကွဲပြားတတ်ကြပါတယ်။ ကိုယ်ဘာမသိဘူးလဲ၊ ကိုယ်ဘာလိုအပ်နေလဲ ဆိုတာကိုလည်း ကိုယ့်ဘာသာ မသိနိုင်ကြတာတွေ ရှိပါတယ်။ တစ်ယောက်ယောက်က ပြောဆိုဆက်ဆံပုံဟာ ကိုယ့်တန်ဖိုး၊ ကိုယ့်သိမှု၊ ကိုယ်စောင့်ထိန်းတဲ့ ကျင့်ဝတ်တွေကနေ သွေဖည်နေတယ်ဆိုရင် အဲဒီ လူပုဂ္ဂိုလ်ကိုယ်တိုင်ကို ပြဿနာလို့ မြင်တာထက် သူနဲ့ကိုယ် နောက်ခံအခြေအနေ မတူလို့ဆိုတဲ့ အကြောင်းရင်း ပြဿနာကိုပဲ ရှေးရှုနိုင်ရင် အနည်းဆုံးတော့ ပဋိပက္ခကို ရှောင်နိုင်မယ်၊ ဖြစ်နိုင်ရင် အဖြေတစ်ခုကိုပါ ရှာဖွေလာနိုင်မယ်။ ဒီ့အပြင် လူအချင်းချင်းကြားမှာ မလိုလားအပ်တဲ့ အနုတ်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေကိုပါ ထိန်းသိမ်းနိုင်မယ်လို့ ထင်ပါတယ်။"
အမှန်တရားကိုလက်မခံတာ
အတ္တကြီးသူ၊ စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျသူတွေရဲ့ အထင်ရှားဆုံး လက္ခဏာကတော့ အမှန်တရားကို လက်မခံတာပါ။ အမှား အမှန်ကို ခွဲခြားနိုင်တဲ့ အသိလည်း သိပ်မရှိကြပါဘူး။ အမှန်ကို သူတို့သိမြင်နေရင်တောင်မှ အဲဒါဟာ အမှန်ပါလို့ လူသိထင်ရှား ဝန်မခံလိုကြပါဘူး။ တစ်ခါတလေမှာ အမှန်တရားလို့ သူတို့ဘာသာ လက်ခံမိရင်တောင် သူတို့ကိုယ်သူတို့ လိမ်လည်ပြီး အမှန်တရားမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ငြင်းဆိုတတ်တဲ့ လူစားတွေဖြစ်ပါတယ်။ ကိုယ့်အမှားကိုလည်း လုံးဝဝန်မခံတတ်တဲ့ လူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာကိစ္စဖြစ်ဖြစ် သူတို့ကို အမှန်တရားကို သိစေချင်တာတွေ ဘာတွေ မလုပ်ပါနဲ့။
ရန်ရှာအပြစ်တင်တတ်တာ
ပြဿနာတစ်ခုကြုံလာတိုင်း သေချာအေးဆေး ဥ◌ီးနှောက်နဲ့ မတွေးတောဘဲ မဖြေရှင်းဘဲ ဝရုန်းသုန်းကားလည်း ထထလုပ်တတ်ကြပါတယ်။ စိတ်ဓာတ်အဆင့်အတန်းနိမ့်သူတွေအဖို့ စိတ်အေးအေးထား ဖြေရှင်းဖို့ဆိုတာကို သိပ်မတွေးတောတတ်ကြပါဘူး။ ပြဿနာတစ်ခုကြုံလာတိုင်း ဖြေရှင်းဖို့ထက် ဘယ်သူ့ကို ဘယ်လိုရန်ရှာပြီး အပြစ်လွှဲချရမလဲဆိုတာကိုပဲ ချက်ချင်း စဥ◌်းစားတတ်ကြသူတွေပါ။ အကောင်းဆုံးကတော့ ဒီလိုလူတွေနဲ့ ဘာပြဿနာမှ အဖြစ်မခံတာအကောင်းဆုံးပါပဲ။
Myanmar Metropolitan College မှာ Part-time Lecturer တစ်ယောက်ဖြစ်ပြီး Nebula Trading Co., Ltd ရဲ့ ဒါရိုက်တာ ဖြစ်တဲ့ မပြည့်လှိုင်ဥ◌ီး (ပန်ဒိုရာ) ကလည်း ဒီလိုလူတွေနဲ့ တွေ့ဆုံတဲ့အခါ ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာကို Duwun ကတစ်ဆင့် ခုလို အကြံပေးပါတယ်။
"စိတ်ဓာတ်အဆင့်အတန်းမြင့်ဖို့ ဘယ်လို ပြုမှုနေထိုင်ရမယ် ဆိုတာထက် ကွဲပြားမှုတွေကို နားလည်သဘောပေါက်ပြီး ပဋိပက္ခနည်းအောင်၊ ဖြစ်နိုင်ရင် အပြုသဘော ဖြစ်ထွန်းနိုင်အောင် နေထိုင်ဖို့ ပြောချင်ပါတယ်။ မိမိကိုယ်မိမိ မြင့်မားနေပြီ လို့ ယူဆပြီး ပြုမှုနေထိုင်တာဟာ တည်မြဲတဲ့ အမှန်တရားတစ်ခု လို့ သိပ်မထင်လို့ပါ။ မြင့်တယ် နိမ့်တယ် ဆိုတာ နှိုင်းရ သဘောပါ။ မိမိထက် မြင့်သူနဲ့တွေ့ရင် နိမ့်ပြီး၊ မိမိထက် နိမ့်သူနဲ့တွေ့ရင် မြင့်တဲ့သဘောပါ။ လူဟာ လူသားပီပီ စိတ်ခံစားချက်တွေလည်း အခြေအနေအမျိုးမျိုးမှာ ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတတ်ပါတယ်။ တသမတ်တည်း မရှိတတ်ပါဘူး။ ကွဲပြားတဲ့ သဘောထားတွေအပေါ်မှာ ပဋိပက္ခတွေ စိတ်ခံစားမှုတွေ ရှိနေဦးမှာပါပဲ။ ဒါကြောင့် အနည်းဆုံးတော့ ဘယ်တော့မှ မမှားနိုင်တဲ့ ကြိုးစားမှုတစ်ခုကတော့ သူတပါးရဲ့ စုံလင်ကွဲပြားနိုင်တဲ့ အနေအထားတွေကို သိရှိနားလည်အောင် သတိထားပြီး ပဋိပက္ခကို ရှောင်ရှားဖို့၊ ဖြစ်နိုင်ရင် ပြဿနာ ပြေလည်အောင် ဖြေရှင်းလိုတဲ့ အပြုသဘောစိတ်ထားဖို့ပါပဲ။ ဒီလို အလေ့အကျင့်လေး ရလာရင် မိမိအတွက်ရော အများအတွက်ပါ အကျိုးမယုတ်စေဘူးလို့ ထင်ပါတယ်။ တစ်ဖက်ကလည်း မိမိရဲ့ ရပ်တည်ချက်တွေ၊ အယူအဆတွေ တန်ဖိုးတွေကိုလည်း မိမိရဲ့ ခိုင်မာတဲ့ အကြောင်းပြချက်၊ အသိအမြင်၊ အတွေ့အကြုံတွေနဲ့ လူတိုင်းဟာ နှစ်သက်သလို တည်ဆောက်နိုင်ခွင့်ရှိပါတယ်။"
ဒီလိုအရာတွေ ကိုယ့်မှာသာ မရှိဘူးဆိုရင် ကိုယ်ဟာ စိတ်ဓာတ်အဆင့်အတန်းမြင့်မားသူလို့ မှတ်ယူလို့ရပါပြီ။ စိတ်ဓာတ်အဆင့်အတန်းမြင့်တာနဲ့ လူနေမှုအဆင့်အတန်း တကယ်မြင့်ရဲ့လားလို့ မေးစရာရှိပါတယ်။ တကယ်မြင့်မားပါတယ်။
-တစ်ဖက်သားကို ထိခိုက်နစ်နာအောင် ပြုမူပြောဆိုတတ်သူမဟုတ်တဲ့အတွက် အပေါင်းအသင်းမိတ်ဆွေပေါများပါတယ်။
-စကားကို လိမ်လည်ဗလောင်းဗလဲမပြောဆိုတတ်တဲ့အတွက် လိပ်ပြာလုံပြီး စိတ်ပူပန်နေရတွေ မရှိတော့ပါဘူး။
-ရှိချင်ယောင်ဆောင်တဲ့သူမဟုတ်တဲ့အတွက် ကိုယ့်ရဲ့ဖြစ်တည်မှုပေါ် ယုံကြည်မှုရှိစေပါတယ်။
-တာဝန်ယူမှုရှိတဲ့အတွက် ဘယ်နေရာမှာမဆို နေရာရတဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
-အမှန်တရားကို သိတဲ့သူတစ်ယောက်အတွက် ဆုံးဖြတ်ချက်အမှားတွေ ထွက်မလာနိုင်တော့ပါဘူး။
-စိတ်အေးအေးထား ဖြေရှင်းတတ်သူအဖို့ မှန်ကန်တဲ့လုပ်ရပ်တွေပဲ ထွက်ရှိလာမှာပါ။
ဒီလိုဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ လူနေမှုအဆင့်အတန်းဟာ နိမ့်ကျစရာလုံးဝမရှိနိုင်တော့ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ စိတ်အဆင့်အတန်းကိုမနိမ့်ကျစေအောင် သတိထားပြီးစိတ်ဓာတ်အဆင့်အတန်းနိမ့်ကျသူတွေကိုလည်း ထိပ်တိုက်တွေ့တာမျိုးရှောင်ကြဥ◌်ပြီး လူပီပီသသတိုးတက်ကောင်းမွန်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြတဲ့ အမျိုးသမီးတေွအဖြစ် ရှင်သန်ကြဖို့ ဒီဆောင်းပါးနဲ့ တိုက်တွန်းလိုက်ပါရစေ။
Share