အာဆင်နယ်ဂန္တဝင် တိုနီ အဒမ်စ်က ဂွါဒီယိုလာသာ ယနေ့ည အမ်းမရိတ်စ်က အရေးကြီးပွဲစဉ်မှာ နည်းဗျူဟာပိုင်းဆုံးဖြတ်ချက်တစ်ခုကိုသာ ချမှတ်ခဲ့ရင် မန်စီးတီးက ဂန်းနားတွေကို အနိုင်ရသွားနိုင်တာကို ကြောက်ရွံ့နေပါတယ်။
အမှတ်ပေးဇယားဦးဆောင်သူတွေဖြစ်တဲ့ အာဆင်နယ်ဟာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ၃ မှတ်အကွာနဲ့ ဖိအားပေးနေတဲ့ မန်ချက်စတာစီးတီးကို အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လက်ရှိချန်ပီယံတွေဖြစ်တဲ့ ဂွါဒီယိုလာရဲ့အသင်းသာ အနိုင်ရရှိသွားခဲ့မယ်ဆိုရင် ဂိုးကွာခြားချက်နဲ့ အဆင့် ၁ နေရာကို တက်လှမ်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ အက်စတန် ဗီလာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမ်းမရိတ်စ်ကို လာရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့်လည်း အာဆင်နယ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်းမှာ ၁-၁ နဲ့ သရေကျခဲ့တာဖြစ်ပါတယ်။
အက်စတန် ဗီလာကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂွါဒီယိုလာဟာ ထူးထူးဆန်းဆန်း ဘာနာဒို ဆေးလ်ဗားကို မန်ချက်စတာစီးတီးခံစစ်ရဲ့ ဘယ်အစွန်မှာ ကစားခိုင်းဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ အချိန်အတော်များများမှာ ရိုဒရီနဲ့ တွဲကစားဖို့ ကွင်းလယ်ကို ဝင်ကစားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း တိုနီ အဒမ်စ်က ဂွါဒီယိုလာဟာ ဂန်းနားတွေနဲ့ပွဲမှာ ဆာကာက ညာတောင်ပံမှာ ကစားမှာဖြစ်တာကြောင့် ဒီလိုမျိုး ထူးဆန်းတဲ့ နည်းဗျူဟာကို မသုံးဘဲနေဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂွါဒီယိုလာအနေနဲ့ နေသန် အာကီကို ဆေးလ်ဗားအစား ဘယ်တောင်ပံမှာ ကစားစေမယ်ဆိုရင် ဧည့်သည်တွေအနေနဲ့ အနိုင်ရရှိသွားနိုင်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ "ဂွါဒီယိုလာက အာဆင်နယ်ကို သူတို့နဲ့ ထိုက်တန်တဲ့ လေးစားမှုမျိုး မပေးချင်ဘူးဆိုရင် ဆာကာက သူ့ရဲ့မန်စီးတီးကို မနက်ဖြန်မှ တစ်စစီ ဆုတ်ဖြဲပစ်ပါလိမ့်မယ်။ ဒီရာသီမှာ ပက်က သူ့ရဲ့ ခံစစ်နဲ့ပတ်သက်ပြီး ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူ့ပုံစံက ဆုဖလားကို လွှင့်ပစ်ဖို့ ကြိုးပမ်းနေသလိုပဲ။ အဲဒီတော့ မနက်ဖြန်ကျရင် သူ ဘာလုပ်ဖို့ ကြိုးပမ်းမလဲဆိုတာ စောင့်ကြည့်ရမှာ စိတ်လှုပ်ရှားစရာ ဖြစ်ပါလိမ့်မယ်"
"သူသာ ဘယ်နောက်ခံနေရာမှာ အာကီကို ထားပြီး သူ့ရဲ့အကောင်းဆုံးခံစစ် ၄ ဦးနဲ့ကစားမယ်ဆိုရင် ဒီပွဲမှာ မန်စီးတီးက အနိုင်ရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် သူ အဲဒါကို လုပ်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ သူသာ သူ့ရဲ့ကစားကွက်နဲ့ပတ်သက်ပြီး ပေါက်ကရတွေ ဆက်လုပ်နေရင် ဆာကာကို ထိန်းမယ့်သူ တစ်ယောက်မှရှိမှာမဟုတ်တော့ပါဘူး။ ဆာကာကို ရပ်တန့်နိုင်ရင် ခင်ဗျား အာဆင်နယ်ကို ရပ်တန့်နိုင်တာပဲ။ အဲဒီလောက်ကို ရိုးရှင်းတယ်။ ဘာလို့လဲဆိုတော့ ပြိုင်ဘက် ဘယ်နောက်ခံက သူတို့နဲ့ ရင်ဆိုင်ရာမှာ ကောင်းမွန်ခဲ့တဲ့အချိန်တိုင်း သူတို့တွေ ရုန်းကန်ခဲ့ရလို့ပါ။ ဒါပေမယ့် ဂွါဒီယိုလာက ကန်ဆယ်လိုကို ထွက်ခွာခွင့်ပြုခဲ့ပြီး သူ့ရဲ့အကောင်းဆုံးအသင်းကို သူသိတယ်လို့ ကျွန်တော် မထင်ပါဘူး"
"သူ့မှာ အင်္ဂလန်နိုင်ငံထဲက အသင်းတိုင်းကို အနိုင်ယူနိုင်ဖို့ လူတွေ ရှိပေမယ့် ဒီရာသီမှာ အကြိမ်ပေါင်းများစွာ သူ့ရဲ့ နည်းဗျူဟာတွေနဲ့ ပါးနပ်သလိုမျိုး လုပ်ဖို့ ကြိုးပမ်းခဲ့ပြီး အဲဒါက သူ့ကို ဒုက္ခပေးခဲ့တာပါ။ သူ့ရဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးမှုက 'ငါတို့မှာ ဘယ်နောက်ခံမလိုဘူး။ ဒီဘရိုင်းနားကို အရန်ခုံပို့ထားနိုင်တယ်။ လုံးဝကို ဟန်ချက်မညီတဲ့ ကစားကွက်နဲ့တောင် နိုင်ပွဲရနိုင်သေးတယ်'လို့ မပြောရုံတမယ်ပဲ။ အဲဒီတော့ ကျွန်တော်သာ ဒီစီးတီးအသင်းနဲ့ ကစားခဲ့ရမယ်ဆိုရင် ဆာကာဆီကိုပဲ ဘောလုံးပေးပြီး မလေးမစားလုပ်ခဲ့တဲ့အတွက် တစ်စစီ ဖြစ်သွားအောင်လုပ်ခိုင်းဖို့ ကြိုးပမ်းသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။