ဗုဒ္ဓဟူးနေ့ညက လိုက်ပ်ဇစ်နဲ့ပွဲစဉ် ပွဲပြီးဆုံးခါနီးမှာ မန်ချက်စတာစီးတီး ဘာကြောင့် ပင်နယ်တီ မရခဲ့လဲဆိုတာကို ရှုထောင့်အသစ်က ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်က အတိအကျ ပြသခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ မာရက်ဇ်ရဲ့ သွင်းဂိုးကြောင့် ၁-၀ နဲ့ ဦးဆောင်နေခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါအသင်းက ဒုတိယပိုင်းမှာ ခြေစွမ်း တိုးတက်လာခဲ့ပြီး မိနစ် ၇၀ မှာ ယို့စ်ကို ဂွါဒီယောလ်ရဲ့ ခေါင်းတိုက်ချက်ကြောင့် ချေပဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးဆုံးခါနီးမှာ လူစားဝင်ကစားသမား ဘန်ဂျမင် ဟန်းနရစ်ချ်က ပင်နယ်တီဧရိယာထဲ ဘောလုံးသမိုင်းမှာ အရှင်းလင်းဆုံးလက်ထိဘောတွေထဲက တစ်ခုကို ပြုလုပ်ခဲ့ချိန်မှာတော့ ကြီးမားတဲ့ အငြင်းပွားစရာကိစ္စဖြစ်ခဲ့တာဖြစ်ပါတယ်။
ဒိုင်လူကြီးဟာ မန်ချက်စတာစီးတီးအသင်းကို ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ခြင်းမရှိဘဲ လိုက်ပ်ဇစ်က လျင်လျင်မြန်မြန်နဲ့ တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပွဲပြီးဝီစီမှုတ်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ပွဲပြီးဆုံးသွားချိန်မှာတောင် ဒေါသထွက်နေဆဲဖြစ်ပေမယ့်လည်း BT Sport မှာ ဒိုင်လူကြီးဟောင်း ပီတာ ဝယ်လ်တန်က အဲဒီဖြစ်စဉ်ကို VAR က ပြန်လည်စစ်ဆေးမှုတောင် မပြုလုပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပြီး ပရိသတ်တွေအများစုဟာ မယုံနိုင်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပွဲပြီး ဝီစီမှုတ်ပြီးချိန်မှာ ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးနိုင်တဲ့ အနေအထားရှိခဲ့တာဖြစ်ပြီး ၂၀၂၀ စက်တင်ဘာလတုန်းက မန်ချက်စတာယူနိုက်တက်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ဟာ ပွဲပြီး ဝီစီမှုတ်ပြီးမှ ပင်နယ်တီ ရရှိခဲ့ဖူးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗီဒီယိုဖိုင်သစ်က လုံးဝကို မတူညီတဲ့ မြင်ကွင်းကို ပေးစွမ်းခဲ့ပြီး ဘာကြောင့် မန်ချက်စတာစီးတီးတို့ ပင်နယ်တီ မရခဲ့လဲဆိုတာကို ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
ဟန်းရစ်ချ်ရဲ့ လက် ၂ ဖက်စလုံးဟာ အလွန် သဘာဝမကျတဲ့ နေရာမှာ မြှောက်ထားခဲ့ပေမယ့်လည်း မယုံနိုင်စရာကောင်းလောက်အောင် ကံကောင်းခဲ့တာဖြစ်ပြီး BT Sport က ရုပ်သံအနှေးပြကွက်တွေမှာ ဘောလုံးဟာ အမှန်တကယ်တော့ ညာနောက်ခံလူရဲ့ ပုခုံးကိုသာ ထိမှန်သွားခဲ့တယ်ဆိုတာကို သက်သေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမှန်တရားဟာ ပွဲပြီးဆုံးပြီးနောက် တော်တော်လေးကြာမှ ပေါ်ပေါက်လာခဲ့တာဖြစ်ပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပင်နယ်တီ မရရှိခဲ့တဲ့အကြောင်းအရင်းက တော်တော်လေး ခိုင်လုံပြီး ရှင်းလင်းသွားခဲ့တာဖြစ်ပါတယ်။
"ကြည့်ရတာတော့ သူ့ပုခုံးကို ထိသွားတဲ့ပုံပဲ။ အဲဒါက ပြီးပြည့်စုံတဲ့ ရှုထောင့်မဟုတ်သေးပါဘူး။ ယူအီးအက်ဖ်အေကို ၂ နှစ်လောက်ကြာမှ ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးပဲ"လို့ ရီယို ဖာဒီနန်က BT Sport ကို ပြောကြားခဲ့ပါတယ်။