ကွင်းဘေးနားမှာ မာဆယ်လိုက အတက်ကြွဆုံးဖြစ်နေခဲ့ပါတယ်။

မန်စီးတီးကို အံ့အားသင့်ဖွယ်အနိုင်ယူခဲ့တဲ့ပွဲမှာ ရီးရဲလ်အတွက် ဝင်မကစားပေးခဲ့ရပေမယ့် ၁၂ ယောက်ကစားသမားတဦးကတော့ ရှိနေခဲ့ပါတယ်။ အဲဒီကစားသမားကတော့ ရာသီကုန်မှာ အသင်းကထွက်တော့မယ့် ဝါရင့်နောက်ခံလူကြီးမာဆယ်လိုပါပဲ။ မာဆယ်လိုက အသင်းနဲ့အတူရှိနေခဲ့ပေမယ့် ဝင်ကစားခွင့်တော့မရခဲ့ပါဘူး။ ဒါပေမယ့်လည်း အသင်းကိုအနိုင်ရချင်စိတ်မှာတော့ တခြားကစားသမားတွေထက် ပိုပြီးထက်သန်ခဲ့ပါတယ်။ 

ရီးရဲလ်တို့ ၁-၀နဲ့ အရေးနိမ့်နေခဲ့ပြီးနောက် ရိုဒရိုင်ဂိုရဲ့ ချေပဂိုးရသွားချိန်မှာ မာဆယ်လိုက ရီးရဲလ်အတွက် ကွင်းဘေးကဝင်ကစားပေးနေခဲ့ပါတယ်။ သူက အရန်ခုံတန်းမှာတောင် ထိုင်မနေနိုင်တော့ဘဲ ဖင်တကြွကြွနဲ့ရှိနေခဲ့ပြီး ရိုဒရိုင်ဂိုက နောက်တဂိုးသွင်းခဲ့ချိန်မှာတော့ သူအရင်ဆုံးအားပါးတရအောင်ပွဲခံတာကို မြင်တွေ့ခဲ့ရပါတယ်။ တော်တော်လေးကို စိတ်ပါလက်ပါနဲ့အောင်ပွဲခံခဲ့တာပါ။ 

ဒီနောက်မှာတော့ သူက အန်ဆယ်လော့တီနားကပ်ပြီးတော့ အကြံဉာဏ်တွေပေးခဲ့တယ်လို့ ယူဆရတာမျိုးတွေကို လုပ်ခဲ့ပါတယ်။ တောက်လျှောက်ကို သူက အရန်ခုံတန်းကနေ မတ်တပ်ရပ်ကြည့်နေခဲ့ပြီးတော့ သူ့ပါးစပ်ကနေပါ အော်ပြောနေတာတွေပါ လုပ်ခဲ့တာပါ။ သူ မကစားခဲ့ရပေမယ့် သူ ဝင်ကစားနေသလိုကို ဖြစ်နေခဲ့ပြီး အသင်းအနိုင်ရဖို့ကို တတ်နိုင်တဲ့ဘက်ကနေ ကူညီခဲ့တယ်လို့ ယုံကြည်ရပါတယ်။ 

အောင်ပွဲခံချိန်မှာလည်း သူ့လောက်အရူးအမူးဖြစ်ခဲ့တဲ့ ကစားသမားမရှိခဲ့ဘူးလို့တောင် ထင်ရပါတယ်။ အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်ကိုကျေနပ်တာ၊ အသင်းအနိုင်ရလို့ အားရတာတွေကို သူ့ဆီမှာ မြင်တွေ့ခဲ့ရပြီး ဒီအသင်းနဲ့ပတ်သက်လာရင် ဘယ်လောက်ထိတောင်မှ စိတ်နှစ်ထားလဲဆိုတာကိုပါ သိသာစေခဲ့ပါတယ်။ 

မန်စီးတီးနဲ့ပွဲမှာ မာဆယ်လိုက ကွင်းထဲဝင်မကန်ခဲ့ရပေမယ့် ကွင်းပြင်ကနေတော့ ဝင်ကစားပေးခဲ့ပါတယ်။ ၁၂ ယောက်ကစားသမားအဖြစ်နဲ့ သူရှိနေခဲ့ပြီး လိုချင်တဲ့ရလဒ်ကိုပါ ယူနိုင်ခဲ့လို့ ကျေနပ်စရာကောင်းတဲ့ ညတညဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က