လီဗာပူးလ်တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုးက ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် စွဲချက်တင်ခံထားရတဲ့ မန်ချက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ်ဖလားတွေကို ပြန်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။
တနင်္လာနေ့နံနက်ပိုင်းမှာ မန်ချက်စတာစီးတီးအသင်းကို ၄ နှစ်ကြာစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်က စွဲချက်တင်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ၉ နှစ်တာကာလအတွင်းမှာ ၂၀၁၂ ခုနှစ်တုန်းက ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့တဲ့ရာသီအပါအဝင် စည်းမျဉ်းအများအပြားကို ချိုးဖောက်ခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုအများအပြား ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းကတော့ အပြစ်ပေးအရေးယူမှုတွေကို တိုက်ပွဲဝင်သွားဖို့ စီစဉ်ထားမှာသေချာပြီး အရင်တုန်းက အလားတူဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေအတွက် ယူအီးအက်ဖ်အေကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းဟာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ခြင်းမရှိဘူးဆိုရင်တော့ ရမှတ်လျှော့ခံရခြင်း၊ ဖလားပြန်သိမ်းပြီး အပြောင်းအရွှေ့ပြုလုပ်ခွင့် ပိတ်ပင်ခံရနိုင်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်တာဖြစ်ပါတယ်။
လီဗာပူးလ်တိုက်စစ်မှူးဟောင်း ကော်လီမိုးက မန်ချက်စတာစီးတီးအသင်းကို ကိုင်တွယ်ဖို့အတွက် ဆုဖလားတွေပြန်သိမ်းတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ "ဝမ်းနည်းစရာကောင်းတဲ့အရာက စုံစမ်းစစ်ဆေးမှုတွေ အပြီးသတ်ပြီးနောက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် စီးတီးအနေနဲ့ စစ်မှန်တဲ့ နောက်ဆက်တွဲတွေကို ရင်ဆိုင်ရတာမျိုး မရှိဖို့ များနေတာပါ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ရာသီအနည်းငယ်တုန်းက ချဲလ်ဆီးအသင်း အလားတူဖြစ်ပျက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်"
"သူတို့တွေ အပြောင်းအရွှေ့လုပ်ခွင့် ပိတ်ပင်ခံခဲ့ရပေမယ့် အဲဒါက သူတို့ကို အမှန်တကယ်သက်ရောက်မှုမရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူတို့လူစာရင်းထဲမှာ ကစားသမားတွေ အများကြီးရှိနေသေးတာမို့လို့ပါ။ အဲဒါက အသေးစား အဆင်မပြေမှုတွေထက်ပိုပြီး ဘာမှမဖြစ်တဲ့ ရေတိုအပြစ်ပေးမှုဖြစ်ခဲ့ပါတယ်။ တကယ်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက စစ်မှန်တဲ့ ရပ်တည်ချက်ကို ပြသချင်တယ်ဆိုရင် သူတို့တွေ ဆုဖလားတွေကို ပြန်သိမ်းဖို့ စလုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုသာ သူတို့လုပ်ခဲ့ရင် မန်စီးတီးမှမဟုတ်ဘဲ ဘယ်လိုအသင်းမျိုးမဆို FFP စည်းမျဉ်းတွေကို လုံးဝ ချိုးဖောက်ရဲမှာမဟုတ်တော့လို့ပါ။ အားကစားလောကမှာ ခင်ဗျားရထားတဲ့ဆုတွေက ပျက်ပြယ်တယ်လို့ သတ်မှတ်ခံရတာထက်ပိုပြီး အရှက်ရစရာကောင်းတာမရှိတော့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။