ဘဝမှာ ခရီးသွားနေကြဖို့ လိုကိုလိုအပ်ပါတယ်။

ခရီးထွက်တာဟာ ကိုယ့်အတွက် စိတ်ရောကိုယ်ပါ အပန်းပြေအောင် လုပ်ဆောင်တဲ့ အပြုအမူတစ်ခုပါပဲ။



လွတ်မြောက်ခြင်းအရပ်

စိတ်နဲ့ ကိုယ် အပန်းပြေစေဖို့အတွက် ခရီးထွက်ကြဖို့ လိုပါတယ်။ စိတ် နဲ့ ခန္ဓာဟာ တစ်နေ့တစ်နေ့ နိစ္စဓူဝ လုပ်နေရတဲ့ ၊ မြင်နေရတဲ့ ပတ်ဝန်းကျင်နဲ့ လူနေမှုကြားမှာ ကြာတော့ ညစ်ညူးလာတတ်ကြပါတယ်။ ကိုယ့်ရဲ့ စိတ်ညစ်ညူးနေမှုတွေကို ပျောက်ချင်တယ်ဆိုရင်တော့ ခရီးထွက်ဖို့ စဉ်းစားသင့်နေပါပြီ။

အတွေးအမြင်သစ်တွေကို ရရှိစေတယ်

နေ့စဉ် ကြုံတွေ့နေရတဲ့ အလုပ်ကိစ္စတွေရဲ့ ဝေးရာ နေရာ၊ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မဟုတ်တဲ့ ပတ်ဝန်းကျင်သစ်ဟာ ညစ်ညူးမှုတွေကို ပြေပျောက်စေပါတယ်။ စားနေကျမဟုတ်တဲ့ အရသာအသစ် ၊ လေထု ရေထုတွေရဲ့ အနံ့အသက်သစ် ၊ အတွေ့အကြုံသစ်တွေ ၊ ပတ်ဝန်းကျင်ရဲ့ အသံဆန်းတွေက ကိုယ့်ရဲ့ လှောင်ပိတ်နေတဲ့ စိတ်တွေကို ပွင့်ထွက်သွားစေပြီး အမြင်သစ် ၊ အတွေးသစ်တွေကို ရရှိစေနိုင်ပါတယ်။

အမှတ်တရချိန်လေး

နေ့စဉ်ဘဝမှာ လူတွေက ရုန်းကန် လှုပ်ရှားနေကြရင်းနဲ့ သူငယ်ချင်းတွေ နဲ့ မိသားစုတွေကိုလည်း မေ့နေတတ်ကြတယ်။ နေ့စဉ်မြင်တွေ့နေရတဲ့ မျက်နှာတွေ ၊ လူတွေက ထူးဆန်းတယ်လို့ မခံစားရတော့ဘဲ မေတ္တာတရားတွေလည်း ပျောက်ရှနေတတ်ပါတယ်။ ဒီတော့ အတူတူ ခရီးထွက်ပြီး အတွေ့အကြုံသစ်တွေ မျှဝေပါ၊ ဓာတ်ပုံလေးတွေရိုက်ပြီး အမှတ်တရတွေကို မှတ်တမ်းတင်ထားပါ။ ချစ်ခြင်းမေတ္တညတွေဟာ ခရီးအတူထွက်တဲ့အခါ ပိုပြီး လေးနက်ပြည့်စုံလာတတ်ပါတယ်။

စိန်ခေါ်မှုအသစ်တွေဖန်တီးနိုင်တယ်

ကိုယ်နဲ့ အသားတကျမရှိသေးတဲ့ အရပ်မှာ ကိုယ် မလုပ်ဖူးတဲ့ အရာတွေ ၊ မစားဖူးတဲ့ စားစရာပဲဖြစ်ဖြစ် ၊ မဆော့ဖူးတဲ့ စိတ်လှုပ်ရှားစရာတစ်ခုခုပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပြီး စူးစမ်းတဲ့အခါ ပျော်ရသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုရှိလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုကျေနပ်လာစေပါတယ်။

ကိုယ့်ဘဝကိုယ် ကျေနပ်လာစေတယ်

ခရီးထွက်တဲ့အခါ အဲဒီ အရပ်ဒေသက လူတွေရဲ့ ဘဝနေထိုင်မှုပုံစံကို မြင်တွေ့ခံစားလာကြရပါတယ်။ ဒီအခါမှာ ကိုယ်ပဲ နေ့စဉ်ရုန်းကန်လှုပ်ရှားနေတာမဟုတ်ဘဲ လူတိုင်းဟာ ကိုယ့်ရဲ့ နေထိုင်ရာဝန်းကျင်၊ ရွေးချယ်ရုန်းကန်ကြတဲ့ အသက်မွေးမှုနဲ့အတူ ကိစ္စကြီးငယ်တွေက လူတိုင်းမှာ ရှိနေတယ်ဆိုတာ လက်တွေ့မြင်တွေ့လာရမယ်။ ဒီအခါမှာ ကိုယ့်ရဲ့ ကိစ္စတွေ ၊ ပြဿနာရပ်တွေအပေါ်လည်း အရမ်းကြီး စိတ်ညစ်နေတာမျိုးတွေ မရှိတော့ပါဘူး။

သဘာဝနဲ့ ဆက်သွယ်မိသွားမယ်

နေ့စဉ်ဘဝမှာ ဖုန်းတွေ ၊ ကွန်ပျူတာတွေ ကြည့်ရင်း အီလက်ထနောနစ်ကမ္ဘာထဲ ပိတ်မိနေရာကနေ ရုတ်ချည်းဆိုသလို သဘာဝရဲ့ အလှအပတွေကိုပါ ခံစားလာမိပါလိမ့်မယ်။ ကျေးငှက်အော်သံ ၊ သစ်ပင်ပန်းမန်တွေ ၊ ကောင်းကင်တွေ ၊ လတ်ဆတ်တဲ့ လေနုအေးတွေက စိတ်ညစ်ညူးမှုမှန်သမျှကို ကုစားပေးနိုင်တဲ့ အကောင်းဆုံးသမားတော်ပါပဲ။

ဒီလို ကောင်းကျိုးတွေအများကြီးရှိပြီး လူကို အသစ်တဖန်မွေးဖွားပေးနိုင်တဲ့ ခရီးသွားခြင်းကို လူတိုင်း ကြိုက်နှစ်သက်ကြတယ်ဆိုပေမယ့် အလုပ်တွေပိနေလို့ ၊ ကိစ္စတွေ မဖြတ်နိုင်သေးလို့ဆိုပြီး ခရီးမသွားနိုင်ကြတဲ့သူတွေ အများကြီးပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် နေ့စဉ်ဘဝကို စိတ်ကုန်ပြီး စိတ်ဖိစီးမှုတွေ အရမ်းများနေပြီဆိုရင်တော့ ခရီးထွက်ကြဖို့ကိုသာ ရွေးချယ်ကြစေချင်ပါတယ်။

ခရီးထွက်ခြင်းဟာ စိတ်ညစ်ညူးနေသူတွေအတွက် စိတ်ထွက်ပေါက်တစ်ခုအဖြစ် ကုစားလို့ရတဲ့ အရာတွေထဲက တစ်ခုပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က