စိတ်ကျန်းမာပါမှ လူလည်း ပျော်ရွှင်ကျန်းမာမှာ ဖြစ်ပါတယ်။ စိတ်မကျန်းမာခဲ့ရင် ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိတော့ဘဲ ဘဝကြီးကို စိတ်ပျက်လက်ပျက်ဖြစ်လာပြီး နောက်ဆုံး ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်တဲ့အထိ မလိုလားအပ်တဲ့ အရာတွေပါဝင်ရောက်လာတတ်ပါတယ်။ ဒါ့ကြောင့် စိတ်ကျန်းမာရေးကောင်းမွန်စေဖို့ ဘာတွေလုပ်ဆောင်သင့်ပါသလဲ။
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ
စိတ်ကျရောဂါခံစားရတာ ၊ စိတ်ဆင်းရဲတာ ၊ စိတ်ညစ်တာတွေဟာ ကိုယ်က အသုံးမကျဘူး၊ ကိုယ်က ဘာမှမဟုတ်ဘူးဆိုတဲ့ စိတ်တွေကနေ အခြေခံဆင်းသက်လာတာဖြစ်ပါတယ်။ ဒီလိုအတွေးတွေ မေ့ဖျောက်ပစ်လိုက်ပါ။ ကိုယ်က ကိုယ့်ကိုယ်ကိုယ် အတွက်တော့ အရမ်းကို အရေးပါပါတယ်။ မဒီတို့အနေနဲ့ ငါက ဘာမှမဟုတ်ဘူးလို့ တွေးနေမယ့်အစား ကိုယ့်ကိုယ်ကိုယ်ကြင်နာပါ။ လေးစားပါ။ ရှုံ့ချအပြစ်တင်နေတာတွေ ဆက်မလုပ်ပါနဲ့တော့။ ဒီလို မဟုတ်တဲ့ အတွေးတွေ တွေးနေမယ့်အစား ကိုယ်ပျော်ရာ ၊ ကိုယ်ဝါသနာပါရာလေးတွေ ဖန်တီးပါ။
ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ဂရုစိုက်ပါ
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မဒီတို့ သေသေချာချာလိုက်နာလုပ်ဆောင်ရမှာတွေကတော့
- အာဟာရပြည့်ဝအောင် စားသုံးဖို့ လိုပါတယ်။
- နေ့စဉ် ရေများများသောက်သုံးပေးပါ။
- စိတ်ကျရောဂါတွေ ၊ စိုးရိမ်စိတ်များတာတွေကို လေ့ကျင့်ခန်းတွေလုပ်ရင် လျှော့ချပေးပါ။
- လုံလောက်စွာ အိပ်စက်အနားယူပါ။
အနားမှာ လူကောင်းတွေသာရှိပါစေ
စိတ်ဓာတ်ခိုင်ကြည်ဖို့ဆိုတာ ၊ စိတ်ကျန်းမာရေး အခြေအနေကောင်းမွန်စေဖို့ ဆိုတာ အနားမှာ ရှိတဲ့သူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ့်အနားမှာ အဆိုးမြင်ဝါဒီသမားတွေ ၊ အမြဲအပြစ်တင်ရှုံ့ချနေတဲ့သူတွေ ရှိနေတယ်ဆိုရင် စိတ်ကျန်းမာရေးကောင်းမွန်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါ့ကြောင့် မဒီတို့ဘေးမှာ သူငယ်ချင်းကောင်း ၊ ယုယကြင်နာနားလည်ပေးတတ်တဲ့ မိသားစုအသိုင်းအဝိုင်းရှိနေဖို့လိုအပ်ပါတယ်။ မကောင်းဘူးထင်တဲ့ ဝန်းကျင်ကိုလည်း ဖယ်ခွာပစ်ဖို့ မတွန့်ဆုတ်ပါနဲ့ ။
စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ကြိုးစားပါ
စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိကိုရှိတဲ့ အရာပါ။ ကျိကျိတက်ချမ်းသာတဲ့လူကနေ မရှိဆင်းရဲသားထိ စိတ်ဖိစီးမှုဆိုတာ ရှိတာပါပဲ။ ဒီတော့ မဒီတို့အနေနဲ့ စိတ်ဖိစီးမှုကို ရှောင်ကြဉ်လို့ မရနိုင်ပါဘူး။ စိတ်ဖိစီးမှုကို ဘယ်လို လျှော့ချလို့ ရနိုင်မလဲဆိုတာကိုပဲ စဉ်းစားကြရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်ရာတွေ ၊ ကိုယ့်စိတ်ကို လွတ်လပ်စေမယ့်အရာတွေ ၊ ကိုယ့်နာကျင်မှုကို သက်သာစေမယ့်အရာတွေ ကို ပြုလုပ်ရင်း ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပယ်သတ်ပစ်ပါ။
တရားထိုင်ပါ
တရားထိုင်တာဟာ စိတ်ကို ဖိစီးမှုကင်းဝေးစေတဲ့ အရာပါပဲ။ တရားမထိုင်ချင်ဘူးဆိုရင်တော့ ယောဂကျင့်တာ ၊ အသက်ရှူသွင်း ရှူထုတ်တဲ့ လေ့ကျင့်ခန်းလုပ်တာတွေကို နေ့စဉ် လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလို လုပ်ဆောင်ပေးခြင်းအားဖြင့် စိတ်ညစ်ညူးတာ ၊ စိတ်ဓာတ်ကျတာ ၊ စိုးရိမ်စိတ်များတာတွေကို ဖယ်ရှားပေးပြီးသား ဖြစ်သွားပါလိမ့်မယ်။
ပန်းတိုင်အသေးလေးတွေ ထားပါ
ကိုယ့်ရဲ့ ဖြစ်ချင်တဲ့အရာတွေ ၊ လုပ်ချင်တဲ့ အရာတွေ ကို ပန်းတိုင်လေးတွေ ချရေးပေးပါ။ ချရေးထားတဲ့ ပန်းတိုင်တွေကိုလည်း တကယ်ဖြစ်အောင် လုပ်ဖို့လိုအပ်ပါတယ်။ ပန်းတိုင်တွေကို ရောက်အောင် ၊ ဖြစ်အောင် ကြိုးစားနေရတဲ့အတွက် စိတ်လေချိန်၊ စိတ်ဓာတ်ကျချိန် မရှိလောက်အောင် အရာရာတိုင်းမှာ အာရုံနစ်ဝင်နေပါလိမ့်မယ်။ ပန်းတိုင်တွေကို ကိုယ်က တကယ်ရောက်အောင် လုပ်ဆောင်နိုင်ချိန်မှာလည်း ကျေနပ်ပီတိနဲ့အတူ ကိုယ့်ဘဝကိုယ် ပျော်ရွှင်နေပါလိမ့်မယ်။
အတွေ့အကြုံသစ်တွေ ရှာဖွေပါ
ကိုယ့်ရဲ့ စိတ်ကို အပြောင်းအလဲဖြစ်စေဖို့အတွက် အတွေ့အကြုံသစ်တွေနဲ့ ထိတွေ့တာကလည်း တကယ်ကို ကောင်းမွန်တဲ့အရာပါ။ နေ့စဉ် ကျင်လည်နေတဲ့ အရာတွေကနေ ဖောက်ထွက်ပြီး မသွားဖူးတဲ့ လမ်းက သွားတာ ၊ မရောက်ဖူးတဲ့ ပန်းခြံတွေထဲ လမ်းလျှောက်တာ ၊ ခရီးထွက်တာ ၊ မစားဖူးတဲ့ စားသောက်ဆိုင်သစ်ဆီသွားတာ စတဲ့ သေးသေးလေးကနေ ကြီးကြီးမားမား အတွေ့အကြုံသစ်ထိ ကိုယ့် စိတ်ကူးအတိုင်း အကောင်အထည်ဖော်ကြည့်ပါ။
ဆရာဝန်၊ အစီအစဉ်တင်ဆက်သူ ၊ အလှမယ် စတဲ့ ဂုဏ်ပုဒ်များစွာ ပိုင်ဆိုင်သူ အေးချမ်းမိုးကလည်း စိတ်သက်သာရာရစေဖို့ ၊ ပျော်ရွှင်စေဖို့ နေထိုင်နည်းကို Madi ကို ခုလို ပြောပြပါတယ်။
"ကိုယ့်စိတ်ကို ပျော်အောင်နေဖို့က အရေးကြီးတယ်။ လူတိုင်းကတော့ အချိန်တိုင်း နာရီတိုင်း နေ့ရက်တိုင်း အမြဲတမ်းမပျော်နိုင်ဘူး။ ကိုယ့်ရဲ့ ဘဝမှာ အတက်အကျ အနိမ့်အမြင့်က အမြဲတမ်းရှိတယ်။ လောကဓံတရားတွေလည်း ရှိတယ်။ အဲဒီအတွက်ကြောင့်မို့ ဝမ်းသာစရာတွေလည်း ကြုံနိုင်တယ်၊ ဝမ်းနည်းစရာတွေ ၊ စိတ်မကောင်းဖြစ်စရာတွေလည်း ကြုံနိုင်ပါတယ်။ ပြောရရင်တော့ စိတ်ညစ်နေတဲ့ အချိန်မှာ ကိုယ်လုပ်တဲ့ အလုပ်ကိစ္စတွေ မှားနိုင်တယ်။ ကိုယ် သတ်မှတ်ရမယ့် ၊ ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်တွေ မှားနိုင်တယ်။ အဲဒီအတွက်ကြောင့် အနည်းနဲ့အများတော့ ကိုယ့်ရဲ့ စိတ်ကိုပျော်ရွှင်နေအောင် တက်ကြွအောင်နေဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ဖို့အတွက် ကိုယ့်စိတ်ကိုယ် ပြန်ပြီးတော့ အားပေးတယ်။ အဓိကကတော့ စိတ်ညစ်နေတဲ့ အချိန်တွေမှာ ကိုယ့်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့နေရာတွေက ဘယ်လိုမျိုးလဲဆိုတော့ အသိပညာ ဗဟုသုတတွေ တိုးပွားစေနိုင်မယ့် ပတ်ဝန်းကျင်မျိုး ၊ ပြီးရင် စိတ်ညစ်စရာတွေကို ဖြေဖျောက်စေနိုင်မယ့် ၊ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေကို ပေးနိုင်မယ့် နေရာတွေ ၊အဓိကကတော့ ကိုယ့်အတွက် ဖြေရှင်းစရာနည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ပေးနိုင်မယ့် လူမျိုးတွေနဲ့အတူတူ ပျော်ရွှင်စရာတွေကို ရရှိစေနိုင်မယ့်နေရာတွေက ကိုယ့်ရဲ့ စိတ်ညစ်စရာတွေကို တစ်ခဏအတွင်း ပြေပျောက်သွားစေနိုင်တယ်။ စိတ်ညစ်စရာဆိုတာကတော့ အမြဲတမ်း ပျောက်ကင်းနိုင်မှာတော့ မဟုတ်ဘူး။ စိတ်ညစ်စရာကောင်းတဲ့ အချိန် ၊ စိတ်တွေ ရှုပ်ထွေးနေတဲ့အချိန်မှာ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း နေမယ်ဆိုရင် စိတ်ညစ်စရာအတွေးတွေက ကိုယ့်ခေါင်းထဲမှာ အထပ်ထပ်အခါခါ ဝင်နေတဲ့အခါမျိုးတွေမှာ ပြဿနာက မဖြေရှင်းဘဲ ပိုပိုပြီး ရှုပ်ထွေးလာတာ။ အဲဒီတော့ ဒီချိန်မှာတွေးလိုက်တဲ့ အတွေးတွေက ကိုယ့်စိတ်ကို အကြိမ်ကြိမ် အခါခါ ပြန်သတ်နေသလို ခံစားနေရတာ။ အဲဒါကြောင့် ဒီလိုမျိုး ပတ်ဝန်းကျင်ကနေ ရုန်းထွက်နိုင်အောင် ကြိုးစားရမှာ ။ လူတွေက စိတ်ညစ်ရင် လမ်းမှားကို သွားတတ်ကြတယ်။ လမ်းကြောင်းမှားတာတွေကို မလုပ်စေချင်ဘူး။ စိတ်ညစ်နေတဲ့အခါတွေမှာ လမ်းကြောင်းမှားတွေကို ရောက်သွားတတ်တာဖြစ်တဲ့အတွက်ကြောင့် အထူးပဲ ဂရုပြုစေချင်ပါတယ်။ ကိုယ့်ရဲ့ လမ်းကြောင်းမှန်ကို တည့်သွားပေးနိုင်မယ့်နေရာကို သွားနေပေးပါ။ ဒါဆိုရင်တော့ ကိုယ့်စိတ်ကို အေးအေးချမ်းချမ်း ဖြစ်သွားမယ်။ ကိုယ်တွေးနေတဲ့အတွေးတွေကိုလည်း ရပ်တန့်သွားစေနိုင်မယ်။ ကိုယ့်စိတ်ကိုယ် ပျော်ရွှင်အောင် ထားနိုင်သွားတဲ့အခါမှ အလုပ်တွေကောင်းကောင်းလုပ်နိုင်မယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ ကျန်းမာတဲ့ဘဝကို ရရှိစေနိုင်မှာပါ။"
အရက်တွေကို ရှောင်ကြဉ်ပါ
ခုဆိုရင် မိန်းကလေးတော်တော်များများလည်း အရက်ကို ခုံခုံမင်မင် သောက်လာကြတာတွေ့ရပါတယ်။ အရက်ဟာ ပုံမှန်အားဖြင့်ကြည့်ရင်တော့ ခဏတာပျော်ရွှင်ရတယ်၊ အရာရာမေ့သွားတယ်၊ စိတ်ညစ်ပြေတယ်လို့ ထင်ရပေမယ့် စိတ်ပိုင်းဆိုင်ရာမှာရော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ပြဿနာတွေ အများကြီးဖြစ်လာနိုင်တဲ့အတွက် အရက်ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
ကိုယ့်ရဲ့ အားသာချက်ကို ရှာပါ
စိတ်ဓာတ်ကျတယ်ဆိုတာ ကိုယ်က အသုံးမကျဘူးဆိုတဲ့ စိတ်ခံစားချက်ကနေ လာတဲ့အရာပါ။ ဒါ့ကြောင့် စိတ်ဓာတ်ကျမှုတွေကို ဖြေဖျောက်ဖို့ဆိုရင် ကိုယ်က ဘယ်နေရာမှာ အသုံးကျသလဲဆိုတာကို သိနေဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အားသာချက်က ဘာလဲ ၊ ကိုယ် ဘာလုပ်နိုင်သလဲ ဆိုတာကို သိသွားပြီဆိုရင် အဲဒီ အရာတွေမှာ စွမ်းဆောင်နိုင်သူဖြစ်ဖို့ အားထုတ်ပါ။
စိတ်ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာခင်မြင့်ကတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ကျန်းမာအောင်နေဖို့ နည်းလမ်းတွေကို Madi ကို ခုလို ပြောပြပါတယ်။
"အမျိုးသမီးတွေက များသောအားဖြင့် အမျိုးသားတွေထက် တာဝန်ပိုများတယ်။ ခုခေတ်က အမျိုးသားတွေ စီးပွားရှာတာနဲ့ မလုံလောက်တော့တဲ့အခါကျတော့ အမျိုးသမီးတွေကလည်း စီးပွားထွက်ရှာရတယ်။ ဆိုတော့ အိမ်ထောင်မှုကိစ္စတွေ ၊ စီးပွားရေး ကိစ္စတွေနဲ့ သူတို့က ဝန်ပိုပိတယ်။ အမျိုးသမီးတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ပျော့တယ်။ ခံစားမှုကို ဦးစားပေးတတ်တယ်။ ဒါ့ကြောင့် အမျိုးသမီးတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပိုခံရလေ့ရှိတယ်။ အဲဒီအတွက် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတာ ၊ လွဲမှားနေတဲ့ အသိတွေ ဖြစ်နေတာမျိုးတွေမှာ အခြေအနေအရမ်းမဆိုးဘူးဆိုရင်တော့ လူမှုအသိုင်းအဝိုင်းကြားနေတာ ၊ ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ဆင်နွှဲတာမျိုးတွေ လုပ်ဖို့သင့်တယ်။ စိတ်ဓာတ်ကျတာတွေ ဖြစ်နေပြီဆိုတာ သိတာနဲ့ တစ်ယောက်တည်းမနေဘဲ အသင်းအဖွဲ့နဲ့ နေပြီး ပရဟိတလို အလုပ်မျိုးတွေမှာ ပါဝင်ကူညီကြဖို့ လိုပါတယ်။"
ဒါတွေကတော့ စိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့ အချက်ကလေးတွေပဲဖြစ်ပါတယ်။ မဒီတို့အနေနဲ့ သိထားရမှာက ကိုယ့်ရဲ့ စိတ်ခံစားချက်ဟာ သူများစကားနဲ့ လမ်းဆုံးဖို့ မဟုတ်ဘဲ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ့်လက်ထဲမှာ တည်မှီနေတာမျိုးဖြစ်ဖို့ အထူးအရေးကြီးပါတယ်။
Share