ယောင်္ကျားဆန်တဲ့ စိတ်ဓာတ်မျိုးရှိတဲ့ သူကို ချစ်သူအဖြစ်ရွေးချယ်မယ်လို့ သူမက ဆိုပါတယ်။
Photo: Wint Yamone Naing
ဝင့်ယမုံနိုင် ရဲ့ အချစ်ရေးကတော့ အချိန်တန်ရင် ပရိသတ်တွေ သိရမှာပါတဲ့။ သူမရဲ့ စိတ်ကူးထဲက ချစ်သူ ပုံစံလေးရှိတယ်လို့လည်း Duwun ကို ပြောပြခဲ့ပါသေးတယ်။
" ချစ်သူက ရှိသလား ၊ မရှိသေးဘူးလားလည်း ပြောပြလို့မရသေးဘူး။ အချိန်တန် သိလာမှာပါ။ လူပဲလေ အသည်းနှလုံးရှိတာပေါ့။ ယမုံသဘောကျတာကတော့ ယောင်္ကျားဆန်တဲ့ စိတ်ဓာတ်အပြည့်အဝရှိရမယ်။ ဘယ်အရာမဆို မားမားမတ်မတ် ရပ်တည်နိုင်ရမယ်။ ဘယ်အချိန်မဆို ကိုယ့်ချစ်သူကို ကာကွယ်ပေးနိုင်ရမယ်၊ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိရမယ်။ ကိုယ့်အပေါ် သည်းခံပေးနိုင်ရမယ်၊ သစ္စာရှိရမယ်" ဆိုပြီးတော့ ဇူလိုင် ၇ ရက်နေ့က အောင်ရေချမ်းရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။
Photo: Wint Yamone Naing
ဝင့်ယမုံနိုင်ဟာ ရုပ်သံဇာတ်လမ်းတွဲတွေ အများဆုံး ရိုက်ကူးနေရတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ သရုပ်ဆောင်တွေနဲ့ ဆိုရင် ပရိသတ်တွေက အတွဲပုံစံ အားပေးတာပိုများတယ်လို့ ဆိုပါတယ်။
" တချို့ပရိသတ်တွေကလည်း ကိုယ်နဲ့ တွဲရိုက်တဲ့ မင်းသားတချို့နဲ့ လိုက်လို့ ကြိုက်တယ်၊ အားပေးတယ်ဆိုတာ ဖြစ်ကြပေမယ့် တချို့ကျတော့လည်း တစ်ယောက်တည်းကိုပဲ ချစ်ပေးကြတာများတယ်။ ဒါပေမယ့် တွဲရိုက်တာ၊ တွဲမြင်တာ များရင်တော့ ပရိသတ်တွေ ထင်တာ သဘာဝပါပဲ။ ဘာမှတော့ မဖြစ်ပါဘူး။ သရုပ်ဆောင် အချင်းချင်းကတော့ မျက်နှာ ပူရတာတွေ မရှိပါဘူး။ ဒါတွေ သိပြီးသားဆိုတော့ နားလည်ပါတယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Wint Yamone Naing
ဝင့်ယမုံနိုင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ " Sing Of Love Series" ဇာတ်ကားကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကို စတင်လုပ်ဆောင်ချိန်မှာတော့ ဝင့်ယမုံလှိုင် ဆိုတဲ့နာမည်နဲ့ လုပ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ဝင့်ယမုံနိုင် ဆိုတဲ့ နာမည်ကို ပြောင်းခဲ့ပါတယ်။ လက်ရှိမှာလည်း သူမဟာ ရုပ်သံဇာတ်လမ်းတွဲတွေ အဆက်မပြတ်ရိုက်ကူးနေရသူ တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ် အချစ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးဆိုရင်လည်း မမှားပါဘူး။