ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ဥက္ကဌ ဆီဖာရင်က စူပါလိဂ်ကိစ္စ တစခန်းပြန်ထလာတဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေကို ပြစ်တင်ဝေဖန်လိုက်တယ်လို့ သိရှိရပါတယ်။ ဒီတခါကိစ္စကိုတော့ ဂျူဗင်တပ်စ် အမှုဆောင်အရာရှိချုပ် အဂ္ဂါနယ်လီက ဦးဆောင်လာပြီး ဒီကနေ့မှာ တရားဝင်သတင်းထုတ်ပြန်မယ်လို့ သိရပါတယ်။
မနှစ်တည်းက စူပါလိဂ်အစီအစဥ်ကို ထိပ်တန်းအသင်းကြီးတွေက အကောင်အထည်ဖော်နေခဲ့တာဖြစ်ပေမယ့် ပရိသတ်တွေအပါအဝင် ကန့်ကွက်မှုတွေ အများအပြားရှိခဲ့တာကြောင့် ပျက်သုဥ်းခဲ့ရပါတယ်။ ဒါပေမယ့် ဘာစီလိုနာ၊ ရီးရဲယ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့ဟာ စူပါလိဂ် အစီအစဥ်ကို ပြန်လည် ပျိုးထောင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ပွဲကြောင့် ဗျာများနေချိန်မှာ ဥရောပထိပ်တန်းအသင်းကြီးတွေ အခုလိုလုပ်လာတဲ့အပေါ် ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင် အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ ဆီဖာရင်က “ဒီစူပါလိဂ်အကြောင်းပြောတယ်ဆိုတာက ဘောလုံးအကြောင်း ပြောတာ မဟုတ်ပါဘူး။ ဘောလုံးနဲ့ မသက်ဆိုင်တဲ့ စီမံကိန်းအကြောင်းကို ပြောရတာ ကျနော် စိတ်ပျက်နေပါပြီ”
“ပထမဆုံးအနေနဲ့ သူတို့က ကပ်ရောဂါကာလရဲ့ အလယ်တည့်တည့်မှာ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ စိတ်ကူးကို ချပြခဲ့ပြီးပါပြီ။ အခုလည်း စစ်ပွဲအလယ်မှာ သူတို့က ဒီလိုမျိုး စိတ်ကူးကိုပဲ အကောင်အထည်ဖော်နေတယ်ဆိုတာ ကျနော်တို့ သတင်းတွေဖတ်ရပါတယ်။ ဒီလူတွေနဲ့ ပတ်သက်လို့ ကျနော် ဘာထပ်ပြောရဦးမှာလဲ”
“သူတို့က တကယ်ကို အခြားကမ္ဘာမှာ ရောက်နေကြတာပါ။ ဆိုးရွားတဲ့ အခြေအနေတွေအတွက် ကျနော်တို့က ကူညီနေချိန်မှာ သူတို့က ဒီလိုစီမံကိန်းမျိုးကို အကောင်အထည်ဖော်နေပါတယ်။ ‘ဒါက သိပ်ကောင်းတဲ့ စီမံကိန်းပဲ။ စည်းလုံးညီညွှတ်မှုကို ပြသပြီး အသင်းငယ်တွေအတွက်လည်း အကျိုးရှိနိုင်တယ်’ လို့ ရေးပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို သူတို့ ပိုက်ဆံပေးနိုင်ပါတယ်”
“ဒါက အဓိပ္ပာယ်မရှိတဲ့ပြိုင်ပွဲဆိုတာကို လူတိုင်းသိပါတယ်။ သူတို့ထဲမှာ အခုပါနေတဲ့ တသင်းက ပထမတခါ ပျက်သွားတုန်းက ကျနော့်ဆီကို ဖုန်းဆက်ပြီး တောင်းပန်ခဲ့ပါတယ်။ အခု အဲ့ဒီအသင်းလည်း ပြန်ပါနေပါပြီ။ သူတို့က ပရိသတ်တွေကို ကာစတန်မာလို သဘောထားပါတယ်။ ကျနော်တို့အတွက် ပရိသတ်ဆိုတာ ပရိသတ်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။