သက်မွန်မြင့်ကတော့ စိုင်းစိုင်းရဲ့ အချစ်ရေးအပေါ် သူမရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ သက်မွန် တို့ မိသားစု၊ ဖြိုးငွေစိုးတို့ မိသားစုကိုလည်း စိုင်းစိုင်းက အားကျနေပုံပါပဲတဲ့။
Photo: Amazing Grace
သက်မွန်မြင့်ကတော့ သူငယ်ချင်းဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်ရဲ့ စိတ်နေ စိတ်ထားတွေကို ပြောပြလာပါတယ်။ စိုင်းစိုင်းဟာ အရမ်းချစ်တတ်သလို၊ စိတ်သဘောထားလည်းကြီးမားတယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ စိုင်းစိုင်းက ချစ်လည်း အရမ်းချစ်တတ်တယ်။ သူ့ကို သိပ်စိတ်မပူဘူး။ သူချစ်တဲ့သူ၊ သူ့ကို တကယ်ချစ်တဲ့သူနဲ့ ရစေချင်ပါတယ်။ ကျန်တာကတော့ သူ အေးအေးဆေးဆေး ညှိလို့ရမှာပါ။ သူက ပိုတော်တယ်။ လူမှုဆက်ဆံရေးရော၊ သူက အများကြီး ကိုယ့်ထက်ပိုတော်တယ်။ လူရည်လည်တယ်။ နေတတ်တာလည်းပါတယ်။ သက်မွန်က အဲဒီလို မဟုတ်ဘူး။ သူနဲ့ယှဉ်ရင်တော့ အများကြီးကွာတယ်။ သူက အဲဒီအပိုင်းပို ကျွမ်းကျင်တယ်’’လို့ သူကဆိုပါတယ်။
Photo: Sai Sai
သက်မွန်မြင့်၊ ဖြိုးငွေစိုးနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ သူငယ်ချင်း ၃ ယောက်ထဲမှာတော့ စိုင်းစိုင်း က အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးဖြစ်ပါတယ်။ စိုင်းစိုင်းကိုလည်း အိမ်ထောင်မပြုစေချင်သေးဘူးလို့ သက်မွန်မြင့်က စနောက်ခဲ့ပြန်ပါသေးတယ်။
‘’ စိုင်းစိုင်းရယ်၊ ကိုဖြိုးရယ်၊ သက်မွန်ရယ် သုံးယောက်ဆုံတော့ သူကလည်းပြောပါတယ် လူပျိုကြီးဘဝကို ပျင်းလာပြီတဲ့။ ကိုယ်တွေက ကလေးအကြောင်းတွေပြောပြီး ပျော်နေကြတာဆိုတော့ သူလည်း အားကျနေပြီနဲ့တူပါတယ်။ နေပါစေ ဒီအတိုင်းလေးပဲ ကောင်းပါတယ်။ သူ့ကိုနှိပ်စက်လို့ရတာပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းက ‘’love Equation’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Amazing Grace
လက်ရှိမှာလည်း သက်မွန်မြင့်က အောင်မြင်မှုတွေရနေတဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ဦးဆိုရင်လည်း မမှားပါဘူး။ ဒီလို အောင်မြင်တဲ့နေရာ တစ်နေရာ ရဖို့အတွက် ကြိုးစားမှုက အဓိက ကျတယ်လို့ဆိုပါတယ်။
‘’အောင်မြင်တယ်ဆိုတာကလည်း ကြိုးစားမှုကတော့ ရှိတာပေါ့နော်။ အချိန်တိုင်းကြိုးစားတယ်၊ ရောက်တဲ့ နေရာလေးမှာ ကိုယ့်ရဲ့ အနေအထားကို သတိထားပြီးတော့ ကြိုးစားရတယ် ပရိသတ်ကို လေးစားရတယ်၊ အဓိက ကတော့ ပရိသတ်ချစ်တာလည်း ပါတာပေါ့နော်။ ကံရယ်၊ စန်းရယ် အများကြီးပါပဲ။ အနုပညာတစ်ခုမှာ အကုန်လုံး စုရတာပေါ့နော်။ တချို့ဆို အရမ်းကြိုးစားပြီးတော့ မဖြစ်လာတာတွေလည်းရှိတယ်။ ကိုယ်ကတော့ အကုန်လုံး စုသွားတာဖြစ်မှာပေါ့’’ လို့ သူကဆိုပါတယ်။
Photo: Sai Sai
သက်မွန်မြင့် ကိုတော့ ပရိသတ်တွေက Music Video တွေကနေတဆင့် စတင်အားပေးခဲ့ကြတာပါ။ သူမရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းက ၂၀၁၉ ခုနှစ်အတွင်းမှာ နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။
Share