အတ္တလန္တာကို အိမ်ကွင်းမှာ အနိုင်ယူခဲ့ပြိးနောက် အေစီမီလန်အသင်းဟာ စီးရီးအေနောက်ဆုံးပွဲမှာ သရေတမှတ်ရရှိတာနဲ့ အမှတ်ပေးချန်ပီယံဖြစ်တော့မှာပါ။ ကစားရခက်တဲ့ အတ္တလန္တာနဲ့ပွဲမှာ သူတို့အမှတ်လျော့မယ်လို့ ထင်မှတ်ခဲ့ရပေမယ့် တကယ်တမ်းကစားချိန်မှာတော့ လိုအပ်တဲ့သွင်းဂိုးတွေရယူနိုင်ခဲ့ပြီး ဆန်စီရိုမှာ ၂ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။
ရာဖေးလ်လွီအိုနဲ့ သီယိုဟာနန်ဒက်ဇ်တို့က ဒုတိယပိုင်းမှာ အနိုင်ဂိုးတွေသွင်းယူပေးခဲ့ပြီး အေစီကို ချန်ပီယံဖလားနဲ့အနီးစပ်ဆုံးနေရာကို ပို့ပေးခဲ့ပါတယ်။ နည်းပြပီအိုလီရဲ့အသင်းဟာ နောက်ဆုံး ၁၅ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး ဒုတိယနေရာက မြို့ခံပြိုင်ဘက်အင်တာမီလန်ကို ၂ မှတ်ဖြတ်ထားနိုင်ခဲ့ကာ ဆုဖလားအတွက် အကောင်းဆုံးအခွင့်အရေးကို ရရှိခဲ့ပါပြီ။
နာမည်ကျော်ကစားသမားအနည်းငယ်သာရှိပြီး အသက်ကြီးကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အေစီမီလန်ဟာ စီးရီးအေအမှတ်ပေးဇယားကို တောက်လျှောက်ဦးဆောင်ခဲ့ပါတယ်။ သရေပွဲတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပေမယ့် အင်တာမီလန်၊ နာပိုလီတို့က အခွင့်အရေးမယူနိုင်ခဲ့လို့ ကံကောင်းခဲ့ရပြီး ပြိုင်ဘက်တွေရှုံးပွဲတွေ့ချိန်မှာ သူတို့က နိုင်ပွဲရအောင်ယူနိုင်ခဲ့တာကလည်း အားသာချက်ဖြစ်ခဲ့ပါတယ်။
အခုဆိုရင် ၂ မှတ်အထိ ကွာဟခဲ့လို့ နောက်ဆုံးပွဲမှာ အေစီက သရေကျပြီး အင်တာမီလန်ကအနိုင်ရခဲ့မယ်ဆိုရင် အမှတ်တူသွားမှာပါ။ ဒါပေမယ့်လည်း ထိပ်တိုက်တွေ့ဆုံမှုရလဒ်နဲ့ ဆုံးဖြတ်မှာဖြစ်လို့ ဒီရာသီတွေ့ဆုံမှုမှာ တပွဲနိုင်ပြီး တပွဲသရေကျထားခဲ့တဲ့ အေစီက အသာစီးရနေခဲ့တာကြောင့် တမှတ်ရရုံနဲ့ စီးရီးအေချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာလည်းဖြစ်ပါတယ်။