ပွဲစဥ်ဇယားအပေါ် မော်ရင်ဟိုက ဝေဖန်ခဲ့တာပါ။

ရိုးမားနည်းပြ မော်ရင်ဟိုက သူ့အသင်းအတွက် ရေးဆွဲပေးထားတဲ့ ပွဲစဥ်ဇယားနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို ထေ့ငေါ့ပြောကြားသွားခဲ့ပါတယ်။ ရိုးမားဟာ ဒီကနေ့ညမှာ တန်းတက်ခရီမိုနီစ်နဲ့ အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး လာမယ့်တပတ်မှာတော့ အင်အားကြီး ဂျူဗင်တပ်စ်နဲ့ ဆက်လက်ကစားရမှာပါ။



အဲ့ဒီနောက် တန်းတက်အသင်းတသင်းပဲဖြစ်တဲ့ မွန်ဇာနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲစဥ်တွေကြားထဲမှာ (၂) ရက်၊ (၃) ရက်သာ အနားရရှိမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မော်ရင်ဟိုက “နှစ်ပတ်အတွင်းမှာကို ကျနော်တို့ (၂) ရက်၊ (၃) ရက်ကို တပွဲကစားရတော့မှာပါ။ ဂျူဗင်တပ်စ်နဲ့ပွဲပြီးရင် မွန်ဇာနဲ့ ကစားခွင့်ပေးတာကိုပဲ ကျနော်တို့အတွက် အရမ်းကောင်းတဲ့ လက်ဆောင်ဖြစ်နေပါတယ်”

“ဒီအတွက် ကျေးဇူးအရမ်းတင်ပါတယ်ဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ပွဲစဥ်ဇယားရေးဆွဲမှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို မကြာခဏ စောဒကတက်လေ့ရှိသူတယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ စီးရီးအေပွဲစဥ်တွေမှာလည်း ဘောလုံးကို ဒေါသတကြီးကန်ထုတ်တာတွေ၊ ဒိုင်လူကြီးကို စောဒကတက်တာတွေကြောင့် အနီကတ်ထိခဲ့ဖူးတဲ့ နည်းပြတယောက်ဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ရိုးမားက ရာသီအဖွင့် ဆလာနီတာနာနဲ့ အဝေးကွင်းပွဲမှာ ခရစ္စတီယန်တီရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရိုးမားဟာ ဒီသြဂုတ်မကုန်ခင်မှာပဲ နောက်ထပ် (၃) ပွဲအထိ ကစားရမှာဖြစ်ပြီး ဒီကနေ့ည ခရီမိုနီစ်နဲ့ပွဲပြီးရင် ဂျူဗင်တပ်စ်နဲ့ အဝေးကွင်းပွဲ၊ တန်းတက်မွန်ဇာနဲ့ အိမ်ကွင်းပွဲတို့ကို ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

လာမယ့်ဆောင်းရာသီမှာ ကာတာကမ္ဘာ့ဖလားကို ကျင်းပသွားမှာဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ ကမ္ဘာ့ဖလားကစားချိန်ကြောင့်လည်း ကလပ်အသင်းတွေအတွက်ရော၊ ကစားသမားတွေအတွက်ပါ လာမယ့် နိုဝင်ဘာနဲ့ဒီဇင်ဘာကာလက ကြံ့ခိုင်မှုဆိုင်ရာပြဿနာတွေ၊ ကစားသမားအင်အားမလောက်ငှတာတွေနဲ့ ပြဿနာများပြားလာနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က