မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားဖြစ်ခဲ့ဖူးတဲ့ တောင်ပံကစားသမားနာနီဟာ စီးရီးအေကလပ် ဗီနီဇီယာအသင်းကို ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ဟောင်းဟာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးနဲ့ လမ်းခွဲခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပဲ အသင်းသစ်ရရှိခဲ့တာဖြစ်ပြီး ဥရောပကို တကျော့ပြန်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဗီနီဇီယာနဲ့ ဆေးစစ်မှုတွေကို နာနီက အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကာ အသင်းအတွက် ကစားပေးဖို့ အသင့်ဖြစ်နေပြီလည်းဖြစ်ပါတယ်။ ဒီအကြောင်းကို သူ့ရဲ့လူမှုကွန်ယက်ကတဆင့် နာနီကအသိပေးထားပြီး ဘိုလော့ဂ်နာ၊ ဂျီနိုအာတို့ကလည်း သူ့ကိုကမ်းလှမ်းခဲ့ပေမယ့် ဗီနီဇီယာကိုသာ ရွေးချယ်ခဲ့ပြီး အဆိုပါအသင်းမှာ ယူနိုက်တက်ဂိုးသမားဟောင်းရိုမဲရိုးလည်း ပါဝင်ကစားနေတာဖြစ်ပါတယ်။
မေဂျာလိဂ်မှာ ၈၇ ပွဲကစားပေးခဲ့ပြီး ၃၁ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ နာနီဟာ စီးရီးအေကလပ်လာဇီယိုမှာ ကစားခဲ့ဖူးသူဖြစ်ကာ ၂၅ ပွဲမှာ ၃ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ သူ ကျင်လည်ခဲ့ဖူးရာ လိဂ်တခုဖြစ်လို့ နာနီအတွက် အခက်အခဲသိပ်မရှိလောက်ပေမယ့်လည်း ကစားသမားရဲ့ အသက်အရွယ်ကတော့ ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး ခြေစွမ်းပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။
ယူနိုက်တက်အတွက် ၇ နှစ်ကြာကစားပေးခဲ့ရာမှာ ပွဲပေါင်း ၂၃၀ အထိ ပါဝင်ခွင့်ရခဲ့ပြီး ဂိုးပေါင်း ၄၀ နဲ့ ဖန်တီးမှုအများအပြားကို နာနီက ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။ ဗီနီဇီယာကလည်း နာနီလို အတွေ့အကြုံရင့်ကစားသမားတဦးကိုခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာမိကြောင်း ပြောဆိုခဲ့ပြီး သူတို့ရဲ့ စီးရီးအေမှာ တင်ကျန်နေရစ်ရေး ရည်မှန်းချက်ကို နာနီက အကူအညီပေးနိုင်ဖို့လည်း မျှော်လင့်နေကြောင်း Football Italia က ဖော်ပြခဲ့ပါတယ်။