စီးရီးအေမှာ အမှတ်ပေးဖလားအတွက် အင်တာမီလန်နဲ့အပြိုင်ကြိုးစားနေရတဲ့ အေစီမီလန်ဟာ ဖီအိုရင်တီးနားကို ရာဖေးလ်လွီအိုရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဖလားအတွက် ခြေတလှမ်းထပ်လှမ်းနိုင်ခဲ့ပါပြီ။ တပွဲလုံးဂိုးရဖို့ အခက်တွေ့နေတဲ့ အေစီဟာ ဒုတိယပိုင်းမှာမှ အနိုင်ဂိုးရခဲ့ပြီး လွီအိုရဲ့ကန်ချက်က ဖီအိုကစားသမားနဲ့ထိကာ အနည်းငယ်လမ်းကြောင်းပြောင်းခဲ့လို့ ကံကောင်းသွားခဲ့ပါတယ်။
အေစီဟာ လက်ကျန်ပွဲတွေအဖြစ် ဗီရိုနာ၊ အတ္တလန္တာ၊ ဆာဆူအိုလိုတို့နဲ့ ကစားရမှာဖြစ်ပြီး ပွဲကတော့အနည်းငယ်ကျပ်တယ်လို့ ဆိုရမှာပါ။ အဆိုပါအသင်း ၃ သင်းစလုံးက တိုက်စစ်အားကောင်းတဲ့အသင်းတွေဖြစ်ပြီး အေစီမီလန်ကို အန္တရာယ်ပေးနိုင်တဲ့အဆင့်မှာ ရှိနေလို့ပါ။ အင်တာမီလန်ကတော့ အမ်ပိုလီ၊ ကယ်ဂလီယာရီ၊ ဆမ်ဒိုရီးယားတို့နဲ့ကစားရမှာဖြစ်လို့ ပွဲချောင်နေပေမယ့် ဂျူဗီနဲ့ ကိုပါအီတာလီယာဖလားပွဲနွှဲရဖို့ ရှိနေပါသေးတယ်။
အေစီဟာ စီးရီးအေဖလားကို နောက်ဆုံးအကြိမ်ဆွတ်ခူးခဲ့တာက ၂၀၁၀-၁၁ ဘောလုံးရာသီကဖြစ်ပြီး သူတို့တွေ စကူဒက်တိုဖလားကိုမရခဲ့တာ ဆယ်စုနှစ်တခုရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာတော့ နည်းပြပီအိုလီရဲ့ ဦးဆောင်မှုနဲ့အတူ ဆုဖလားကို တကျော့ပြန်ရရှိဖို့ အခွင့်အရေးကောင်းနေပြီး လက်ကျန် ၃ ပွဲက သူတို့ကို အဆုံးအဖြတ်ဖြစ်လာစေတော့မှာပါ။