ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့နှစ်ယောက်ဟာ လာမယ့်ရာသီသစ်အတွက် စကိုင်းစပေါ့ရဲ့ ဘောလုံးရုပ်သံဝေဖန်သူနေရာမှာ ဆက်ရှိနေဖို့ မသေချာတော့ကြောင်း သိရှိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့လည်း နှစ်ယောက်လုံးက သူတို့ရဲ့ ရာထူးတာဝန်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ရကြောင်း ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်နဲ့လီဗာပူးတို့ရဲ့ ကစားသမားဟောင်းကြီးနှစ်ယောက်ဟာ စကိုင်းစပေါ့ရဲ့ ဘောလုံးရုပ်သံဝေဖန်သုံးသပ်သူတွေအဖြစ် လုပ်ကိုင်ရင်း အချင်းချင်းပြန်လှန်ထိုးနှက်ခဲ့တာကြောင့် ပရိသတ်တွေအကြားမှာ ရေပန်းစားခဲ့ပါတယ်။ နှစ်ယောက်စလုံးက မဟာပြိုင်ဘက်အသင်းတွေမှာပဲ ကစားသမားဘဝကို ဆုံးခန်းတိုင် ကစားခဲ့တာပါ။
အဲ့ဒါကြောင့်လည်း အခုလိုမျိုး ရုပ်သံတွေထက်ကို ရောက်ရှိလာချိန်မှာတောင်မှ တစ်ယောက်နဲ့ တစ်ယောက်အကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူတို့နှစ်ယောက်လုံး စကိုင်းစပေါ့မှာ ဆက်ရှိနေဖို့ မသေချာတော့ပါဘူး။ ရှရိဗ်စ်၊ ဂျက်ဖ်စတီလင်းနဲ့ မာတင်တိုင်လိုင်တို့ကလည်း ဒီနွေရာသီမှာ စကိုင်းစပေါ့ကနေ ထွက်သွားခဲ့ကြပါတယ်။
ဂယ်ရီနဗီးလ်က “ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာကို ကျွန်တော် တကယ် မစဉ်းစားမိပါဘူး။ ဒါပေမယ့် ဒါက ခက်ခဲပါတယ်။ ခင်ဗျားတို့လည်း သိမှာပါ။ ဘောလုံးကစားတာလည်း မဟုတ်၊ နည်းပြလည်း မဟုတ်ပါဘူး ကျွန်တော်တို့က။ လူတွေကတော့ ကျွန်တော်တို့ကို ကြည့်ပြီး သူတို့ တီဗီထဲပါတယ်၊ ဘောလုံးအကြောင်းပြောနေတယ်၊ ကောင်းပါတယ်ပဲပေါ့”
“ဒါပေမယ့် အခုချိန်မှာ တစ်ကမ္ဘာလုံးက ထောင်နဲ့ချီတဲ့ အလုပ်အကိုင်တွေအားလုံးက ဒီလိုမျိုးပဲဖြစ်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ကာရေဂါကလည်း ဂယ်ရီနဗီးလ်နည်းတူ ဝန်ခံသွားခဲ့ပြီး သူတို့နှစ်ယောက်ဟာ နာမည်ကျော် Super Sunday, Monday Night Football တို့လို နာမည်ကျော် အစီအစဉ်တွေကို အတူတကွ တင်ဆက်ခဲ့ဖူးသူတွေလည်း ဖြစ်ပါတယ်။