လက်ကျန် ၇ ပွဲအလိုမှာ တန်းတက်နိုင်ခဲ့တာပါ။

ကွန်ပနီကတော့ ဘန်လေကို တန်းတက်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ညက မိုက်ကယ်ကာရစ်ရဲ့ မစ်ဒယ်ဘရော့ကို အနိုင်ယူအပြီးမှာ တိုက်ရိုက်တန်းတက်ခွင့်ရဖို့ သေချာသွားတာဖြစ်ပြီး ကျန်တာကတော့ သူတို့ ချန်ပီယံဖြစ်အောင် ကစားဖို့ပဲ ရှိပါတော့တယ်။ ချန်ပီယံရှစ်တရာသီလုံးမှာ အခုထိ ၂ပွဲပဲရှုံးထားပြီး တိုက်စစ်အကောင်းဆုံးနဲ့ ခံစစ်အကောင်းဆုံးအသင်းပါဖြစ်နေလို့ ကွန်ပနီရဲ့ စွမ်းဆောင်ရည်က ချီးကျူးစရာကောင်းလွန်းပါတယ်။ 

ကစားသမားဘ၀မှာကတည်းက ခေါင်းဆောင်နိုင်စွမ်းရှိတဲ့သူ၊ အသင်းဖော်တွေကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်တဲ့သူက နည်းပြဘ၀မှာလည်း အလုပ်ဖြစ်နေခဲ့တာပါ။ သူ့ရဲ့ အသွေးအသားထဲကကို ပါလာတဲ့ Leader စိတ်ဓာတ်ကို အရင်းခံပြီး ကွန်ပနီက ဘန်လေကို သူ ကိုင်တွယ်တဲ့ ပထမဆုံးနှစ်မှာပဲ တန်းတက်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ 

ကွန်ပနီဟာ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ကို ကိုင်တွယ်ခဲ့ပြီးနောက် ဘန်လေနည်းပြအဖြစ် ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းကမှ တာဝန်ယူခဲ့တာပါ။ တရာသီအတွင်းမှာပဲ သူက အသင်းကို တန်းတက်နိုင်အောင် စွမ်းဆောင်ပေးခဲ့တာကတော့ သေချာပေါက်ကို အသိအမှတ်ပြုရမှာဖြစ်ပြီး ကွန်ပနီရဲ့ နည်းပြဘ၀အစကတော့ အောင်မြင်မှုတခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ဒီရာသီချန်ပီယံရှစ်မှာ ဘန်လေက ၃၉ ပွဲကစားအပြီး ၂၅ ပွဲနိုင်၊ ၁၂ ပွဲသရေကျကာ ၂ပွဲအရေးနိမ့်ခဲ့ပါတယ်။ သွင်းဂိုး ၇၆ ဂိုး၊ ပေးဂိုး ၃၀ သာရှိပြီး ရမှတ် ၈၇ မှတ်နဲ့ လက်ကျန် ၇ ပွဲအလိုမှာပဲ တန်းတက်နိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ်နဲ့ မစိမ်းတဲ့ ဘန်လေက နောက်တကြိမ် တန်းတက်နိုင်ခဲ့ပြီဖြစ်ကာ ထူးထူးခြားခြား ဘာတွေလုပ်ပြနိုင်မလဲ စောင့်ကြည့်ရပါတော့မယ်။ 

တိုက်ရိုက်တန်းတက်ခွင့် နောက်ထပ်တနေရာအတွက်တော့ ရှက်ဖီးက အခွင့်အရေးသာနေပြီး အဆင့် ၃ နေရာက လူတန်တောင်းကို ၈ မှတ်ဖြတ်ထားနိုင်ပါတယ်။ ပလေးအော့ကစားရမယ့် အသင်းတွေအဖြစ် မစ်ဒယ်ဘရော့၊ မီဝေါလ်၊ ဘလက်ဘန်းတို့ အစဉ်လိုက်ရှိနေကာ နော်ဝှစ်၊ ပရက်စ်တန်၊ ကိုဗင်ထရီတို့လည်း အခွင့်အရေးရှိနေပါသေးတယ်။ 

Share

Loading Next Article...
က္က