ဒုရဲအုပ်ဟန်လင်းအောင်က သစ်တွေတင်ဆောင်လာတဲ့ ဖောကားကိုဖမ်းဆီးပြီး ငွေကျပ်(၁၀)သိန်းပေးရင်လွှတ်ပေးမယ်လို့ဆိုကာ အဆိုပါငွေကျပ်(၁၀)သိန်းကို နှစ်ကြိမ်ခွဲပြီး လက်ခံရယူခဲ့တာလည်းဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ ပျဉ်းကတိုးသစ်တွေသယ်ဆောင်လာတဲ့ ဖောကားကို ဖမ်းဆီးပြီး ငွေကျပ်(၁၀)သိန်းတောင်ခံတဲ့ တောင်ငူမြို့၊ မြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဟန်လင်းအောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကော်မရှင်ကထုတ်ပြန်ခဲ့ပါတယ်။
ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့ မနက်(၄)နာရီဝန်းကျင်လောက်က တောင်ငူမြို့ကို ဖောကားနဲ့ ပျဉ်းကတိုးသစ်(၂)တန်ခန့်တင်ဆောင်လာစဉ်မှာ ဒုရဲအုပ်ဟန်လင်းအောင်ပါ တပ်ဖွဲ့ဝင်(၈)ဦးတို့က တောင်ငူမြို့အဝင်အဝေးပြေးယာဉ်ရပ်နားစခန်းအနီးမှာ ဖမ်းဆီးပြီး ငွေတောင်းခံရာမှာ ပေးခဲ့ရတဲ့အတွက် အရေးယူပေးရန်ကော်မရှင်ကိုတိုင်တန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။
တိုင်းတန်းချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးတဲ့အခါမှာတော့ ဒုရဲအုပ်ဟန်လင်းအောင်နှင့်အဖွဲ့ဟာ လှည့်ကင်းဆောင်ရွက်ဆောင်ရွက်နေစဉ် ပျဉ်းကတိုးသစ်များသယ်ဆောင်လာတဲ့ကားကိုဖမ်းဆီးပြီး ငွေကျပ်သိန်း(၅၀)တောင်းခံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါလာဘ်ငွေအဖြစ်တောင်းခံခဲ့တဲ့ ငွေကျပ်သိန်း(၅၀)ကို အကြိမ်ကြိမ်ညှိနှိုင်းခဲ့ရာမှာ ကျပ်(၁၀)သိန်းပေးရင် မော်တော်ယာဉ်ကိုလွှတ်ပေးမယ်ဆိုပြီး ဒုရဲအုပ်ဟန်လင်းအောင်ကပြောဆိုခဲ့ပြီးတော့ ငွေကျပ်(၁၀)သိန်းကို နှစ်ကြိမ်ခွဲယူပြီး လက်ခံရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။
စစ်ဆေးချက်တွေအရ ဒုရဲအုပ်ဟန်လင်းအောင်က ရာထူးကိုအလွှဲသုံးစားလုပ်ပြီး အဂတိလိုက်စားမှုကျူးလွန်ခဲ့တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၆)အရ တောင်ငူမြို့မရဲစခန်းမှာ ဒီဇင်ဘာလ(၂၇)ရက်နေ့က ပထမသတင်းပေးတိုင်တန်းချက်ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူနိုင်ရန်ဆောင်ရွက်လျှက်ရှိတယ်လို့ ကော်မရှင်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။