စင်ကာပူနိုင်ငံမှာ ယခုလအစောပိုင်းက ကြေညာခဲ့တဲ့ Solidarity Budget အသုံးစရိတ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စင်ကာပူ ၁၀ ဦးမှာ ၉ ဦးက အစိုးရပေးငွေများ ရရှိကြမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန (Ministry of Finance - MOF) က ဧပြီ ၁၂ ရက်နေ့မှာ ပြောပါတယ်။
(Photo: AFP)
အစိုးရထံမှ တစ်ကြိမ်ပေးငွေ စင်ကာပူဒေါ်လာ ၆၀၀ (မြန်မာကျပ်ငွေ ၆၀၀,၀၀၀ ကျော်) ကို ဧပြီ ၁၄ ရက်နေ့မှစပြီး လက်ခံရရှိကြမယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်နဲ့အထက် စင်ကာပူနိုင်ငံသားတိုင်း Solidarity Payment အဖြစ် အစိုးရထံမှ စင်ကာပူဒေါ်လာ ၆၀၀ ရရှိကြမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စင်ကာပူ ဒုတိယဝန်ကြီးချုပ် Heng Swee Keat ကြေညာခဲ့ပါတယ်။ ယခု ထောက်ပံ့မှုဟာ COVID-19 ကပ်ရောဂါကြောင့် စင်ကာပူမှာ ထိခိုက်မှုတွေရှိကြတဲ့ လုပ်ငန်းများ၊ ဝန်ထမ်းများနဲ့ အိမ်ထောင်စုများကို အကူအညီပေးရန် ရည်ရွယ်တဲ့ Solidarity Budge ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
(Photo: Reuters)
အစောပိုင်းမှာ စင်ကာပူအစိုးရက ထောက်ပံ့ငွေအသုံးစရိတ်အရ စင်ကာပူဒေါ်လာ ၃၀၀ ပေးရန် ကြေညာထားခဲ့ပေမဲ့ COVID-19 အခြေအနေ ပိုဆိုးလာခဲ့ရာ Solidarity Budget ကို အတည်ပြုခဲ့ပြီး နောက်ထပ် စင်ကာပူဒေါ်လာ ၃၀၀ ထပ်တိုးခဲ့ပါတယ်။ ဘဏ်အကောင့်ပေးထားသူ ၉၀ ရာခိုင်နှုန်းခန့်ရဲ့ ဘဏ်အကောင့်များသို့ ဧပြီ ၁၄ ရက်နေ့မှာ တိုက်ရိုက်ငွေလွှဲပေးသွားမယ်လို့ MOF က ပြောပါတယ်။
ထို့အတူ ယခုနှစ်မှာ အသက် ၂၁ နှစ်နဲ့အထက်အရွယ်ရောက်ရှိပြီး အမြဲတမ်းအခြေချနေထိုင်သူ (permanent resident -PR) ဖြစ်ကာ စင်ကာပူနိုင်ငံသား မိဘရှိသူ၊ အိမ်ထောင်ဘက် သို့မဟုတ် ကလေးရှိသူကိုလည်း အစိုးရက တစ်ကြိမ်ပေးငွေ စင်ကာပူဒေါ်လာ ၃၀၀ ပေးသွားမှာဖြစ်ပါတယ်။
(Photo: AFP)
ယခုနှစ်မှာ အသက် ၂၁ နှစ်နဲ့အထက်ရှိပြီး Long-Term Visit Pass-Plus နေထိုင်ခွင့်ရရှိထားသူတွေဟာလည်း စင်ကာပူဒေါ်လာ ၃၀၀ လက်ခံရရှိမယ်လို့ CNA သတင်းက ဖော်ပြထားပါတယ်။ စင်ကာပူဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှုတွေ တရိပ်ရိပ်တိုးလာနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဧပြီ ၁၂ ရက် ညပိုင်းအထိ ကူးစက်ခံရသူ ၂,၅၃၂ ဦး၊ သေဆုံးသူ ၈ ဦးနဲ့ ပြန်လည်သက်သာသူ ၅၂၈ ဦးရှိခဲ့ပါတယ်။