စင်္ကာပူနိုင်ငံ Health Science Authority၊ ထိုင်းနိုင်ငံ FDA၊ ဘရူနိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့က အဆိုပါနိုင်ငံတွေမှာ ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်း (၇)မျိုးမှာ တားမြစ် ဓာတုပစ္စည်းများ ပါဝင်နေတာကြောင့် သုံးစွဲရန်မသင့်ဘူးလို့ ကြေညာလိုက်ပါတယ်။
Photo - FDA
Asean Post Marketing Alert System ဖြင့် မြန်မာနိုင်ငံ FDA ထံ အကြောင်းကြားလာတာ ဖြစ်ပါတယ်။ အဆိုပါ အလှကုန်ပစ္စည်း (၇) မျိုးအနက် Deeja Cosmetic တံဆိပ် (Sun Cream, Winkle Cream, Dream Cream), RDL တံဆိပ် (Babe Face Whitening Cream, Night Cream 5 in 1, Face off fade out cream) တို့မှာ စင်္ကာပူနိုင်ငံထုတ်ဖြစ်ပြီး Mercury (+) နဲ့ Hydroquinone ဆိုတဲ့ တားမြစ် ဓာတုပစ္စည်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံထုတ် Ashley Everyday’s Lipstick-06 မှာလည်း CI 15585(+) အရောင်းဆိုးဆေး ပါဝင်နေပါတယ်။ Batrisya Beauty Kunyit Kemboja Skincare 4 in1 P-U-T-I-H-K-E-K-A-L krim 1 Kunyit Kemboja မှာ ဘရူနိုင်းနိုင်ငံထုတ်ဖြစ်ပြီး Mercury (+) တားမြစ်ဓာတုပစ္စည်းပါဝင်နေတယ်လို့ ကြေညာထားပါတယ်။
တားမြစ် ဓာတုပစ္စည်းတွေဟာ အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီ ကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ စိတ်ကျရောဂါတွေ ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။
ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနဲ့ အခြားရောဂါတွေ ဖြစ်ပွားစေနိုင်ပြီး၊ CI 15585(+) အရောင်ဆိုးဆေးဟာ ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဆိုပါ အလှကုန်ပစ္စည်းတွေကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်း၊ ပြည်သူတွေ ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ကြရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသိပေးကြေညာထားပါတယ်။