၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စင်္ကာပူနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားမဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲပေးပွဲကို မြန်မာသံရုံး ၊ စင်္ကာပူမြို့မှာ အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၈ရက်အထိ မနက်၉နာရီကနေ ညနေ ၅နာရီခွဲအတွင်း ပြုလုပ်မှာဖြစ်တယ်လို့ မြန်မာသံရုံးရဲ့ ဒီနေ့ စက်တင်ဘာလ ၂၂ရက် ထုတ်ပြန်ချက်အရ သိရပါတယ် ။
ဆန္ဒမဲပေးမယ့်သူတွေအနေနဲ့ ကြေညာထားတဲ့ ရက်နဲ့အချိန်တွေထဲက မိမိမဲပေးလိုတဲ့ ရက်နဲ့အချိန်ကို သံရုံးရဲ့ ဝက်ဘ်ဆိုဒ်ကတစ်ဆင့်ကြိုတင်ရက်ချိန်းယူရမှာဖြစ်ပါတယ်။ မဲပေးခွင့်ရရှိသူတွေနဲ့ မဲပေးဖို့ ရက်ချိန်းရယူဖို့အတွက်ကိုတော့ မြန်မာနိုင်ငံက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံပြင်ပရောက်မဲဆန္ဒရှင်များစာရင်း ပေးပို့လာတဲ့အချိန်မှာ ထပ်မံကြေညာသွားမယ်လို့ သိရပါတယ်။
မဲပေးဖို့အတွက် မြန်မာသံရုံး(စင်္ကာပူမြို့)ရဲ့ ဝက်ဘ်ဆိုဒ်ကနေ ရက်ချိန်း(Online Queue Appointment )ကိုရယူဖို့အတွက်ကတော့ ပတ်စ်ပို့နံပါတ် ၊ စင်္ကာပူနိုင်ငံတွင်နေထိုင်ခွင့်ကတ်နံပါတ် နောက်ဆုံးလေးလုံးတို့နဲ့ ရယူနိုင်မှာဖြစ်ပြီး လာရောက်မဲပေးတဲ့နေ့မှာလည်း ဘားကုတ်ပါဝင်တဲ့ Queue Appointment Confirmation Letter ၊ မြန်မာနိုင်ငံကူးလက်မှတ်(မူရင်း) နဲ့ စင်္ကာပူနိုင်ငံတွင်နေထိုင်ခွင့်ကတ်(မူရင်း)တို့ ယူဆောင်လာရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ-Myanmar Club (Singapore) ( မြန်မာသံရုံးနဲ့ ဇူလိုင်၃၁ရက်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်စဉ်)
ဆန္ဒမဲလာရောက်ပေးတဲ့အခါမှာ အပူချိန်တိုင်းတာစစ်ဆေးခြင်းကိုခံယူရမှာဖြစ်ပြီး social distancing ကို တိကျစွာလိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်အပူချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ်ထက် ေကျာ်လွန်သူတွေနဲ့ စင်္ကာပူအစိုးရရဲ့ ကိုဗစ်၁၉ ထိန်းချုပ်ကာကွယ်ရေးအစီအမံများ(ဥပမာ-SHN,Quarantine, etc.,)ကို လိုက်နာဆောင်ရွက်ရဆဲသူတွေကိုတော့ သံရုံးအတွင်းဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ် ။
ဒါ့အပြင် စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုဗစ်၁၉ကပ်ရောဂါကာလအတွင်း လူစုလူဝေးဖြစ်ပေါ်မှုကို ရှောင်ရှားဖို့အတွက် St. Martin's Drive လမ်းထဲမှာ အစားအသောက်ဝေငှခြင်းမပြုလုပ်ဖို့ကိုလည်း သံရုံးက တားမြစ်ထားပါတယ် ။
မဲရုံဖွင့်လှစ်တဲ့ရက်တွေမှာ သံရုံးဧရိယာအတွင်း သို့မဟုတ် ကိုက်(၅၀၀)အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို မဲပေးဖို့ သို့မဟုတ် မဲမပေးဖို့ တိုက်တွန်းတာတွေ ၊ ဝတ္တရားနှောင့်ယှက်တာတွေ ၊ ပါတီတစ်ခုခုနဲ့သက်ဆိုင်တဲ့အရာတွေအားလုံးဝတ်ဆင်လာခြင်း နဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမယ့် အပြုအမူတွေအားလုံး မလုပ်ဆောင်ကြဖို့ သံရုံးက ကြိုတင်အသိပေးထားပါတယ် ။