သင်္ချိုင်းမှာ မြေတူးအလုပ်သမားတွေအဖြစ် လုပ်ကိုင်နေကြကြောင်း အဖမ်းခံရသူတွေက ပြောထားပါတယ်။

စင်ကာပူနိုင်ငံ သင်္ချိုင်းတစ်ခုမှာတွေ့ရတဲ့ မြန်မာနိုင်ငံသားခြောက်ဦးကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများဖြင့် ဖမ်းဆီးခဲ့တယ်လို့ CNA သတင်းက ဖော်ပြထားပါတယ်။

(Photo: ICA)

မြန်မာအမျိုးသားခြောက်ဦးကို ဗီဇာသက်တမ်းလွန်နေထိုင်မှု အပါအဝင် လူဝင်မှုကြီးကြပ်ရေး ပြစ်မှုများဖြင့် ဖမ်းဆီးခဲ့ကြောင်း စင်ကာပူ Immigration and Chackpoints Authority (ICA) က ယနေ့ (ဖေဖေါ်ဝါရီ ၂၁ ရက်) ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ICA စစ်ဆင်ရေးတစ်ခုအတွင်း အသက် ၂၂ နှစ်နဲ့ ၄၂ နှစ်ကြားအရွယ် မြန်မာအမျိုးသားခြောက်ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။



(Photo: ICA)

အမျိုးသားတစ်ဦးက ICA အရာရှိတွေကို မြင်တွေ့ခဲ့ပြီးနောက် ထွက်ပြေးခဲ့ရာ ၎င်းကို ဖမ်းဆီးရမိခဲ့ပါတယ်။ ထို့နောက် အဆိုပါအမျိုးသားက သင်္ချိုင်းအတွင်းရှိ ၎င်းတို့နေထိုင်ရာ ယာယီတဲကို လိုက်လံပြသခဲ့ပြီး နောက်ထပ် အမျိုးသားငါးဦးကို တွေ့ရှိခဲ့ရတယ်လို့ ICA အရာရှိတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာအမျိုးသားတွေကတော့ ၎င်းတို့ဟာ သင်္ချိုင်းမှာ မြေတူးအလုပ်သမားတွေအဖြစ် လုပ်ကိုင်ကြသူတွေဖြစ်ကြောင်း ပြောကြတယ်လို့ ICA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(Photo: ICA)

ယခုကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ စင်ကာပူမှာ ဗီဇာသက်တမ်းလွန်နေထိုင်သူ သို့မဟုတ် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သူတွေတွေဟာ ထောင်ဒဏ်ခြောက်လအထိနဲ့ အနည်းဆုံး ကြိမ်ဒဏ်သုံးချက် ပြစ်ဒဏ်ချမှတ်ခံရကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က