ပြည်ပမှ ဝင်ရောက်လာသူတွေမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်တွေ့ရှိလာရပြီးနောက် စင်ကာပူနိုင်ငံက ရက်တိုအလည်အပတ် ခရီးသည်များ ဝင်ရောက်မှု သို့မဟုတ် လေယာဥ်အကူးအပြောင်းအတွက် ခရီးတစ်ထောက်ရပ်နားရန် transit ခရီးသည်ဝင်ရောက်မှု အားလုံးကို ပိတ်ပင်ထားမယ်လို့ သိရပါတယ်။
အဆိုပါ ပိတ်ပင်ကန့်သတ်မှုဟာ တနင်္လာနေ့ (မတ်လ ၂၃ ရက်) ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်မှာ စတင်သက်ရောက်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က ယနေ့ (မတ်လ ၂၂ ရက်) သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
လူ့စွမ်းအားကျန်းမာရေးစောင့်ရှောက်မှုနဲ့ သယ်ယူပို့ဆောင်ရေးကဲ့သို့ လုပ်ငန်းတွေမှာ အလုပ်လုပ်ခွင့်ရရှိထားသူတွေကိုသာ စင်ကာပူသို့ ဝင်ရောက်ခွင့် သို့မဟုတ် ပြန်လာခွင့်ပေးမယ်လို့ သိရပါတယ်။ ထိုအလုပ်သမားတွေရဲ့ မှီခိုသူ မိသားစုတွေကိုလည်း ဝင်ခွင့်ပေးမှာ ဖြစ်ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
(Photo: MediaCorp)
ပြီးခဲ့တဲ့ သုံးရက်အတွင်း စင်ကာပူမှာ အသစ်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ကူးစက်ခံလူနာ ၈၀ ရာခိုင်နှုန်းဟာ ပြည်ပမှဝင်ရောက်လာသူတွေ ဖြစ်နေခဲ့ပြီး ၎င်းတို့အနက် အများစုဟာ ပြည်ပနိုင်ငံများမှ ပြန်ရောက်လာတဲ့ စင်ကာပူမှာ အခြေချနေထိုင်သူတွေနဲ့ ကာလရှည်ကြာ နေထိုင်ခွင့်ရထားသူတွေ ဖြစ်ပါတယ်။
အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ နိုင်ငံ ၂၂ ခုသို့ ခရီးသွားခဲ့သူတွေဖြစ်ကြောင်း MOH က ပြောပါတယ်။ မတ်လ ၂၂ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ စင်ကာပူမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၃၂ ဦးရှိပြီး ၂ ဦး သေဆုံးခဲ့ကာ ၁၄၀ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။
(Photo: MediaCorp)(Photo: MediaCorp)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၂၂ ရက် နေ့လယ်ပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၉,၃၉၁ ဦးနဲ့ သေဆုံးသူ ၁၂,၈၈၈ ဦးအထိ ရှိလာခဲ့ပါတယ်။