ဝေဘာဂီဆေးရုံမှာ သီးသန့်ထားရှိကုသနေရတဲ့ တောင်ဒဂုံကအမျိုးသမီးမှာ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်း သတင်းအရ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ် တောင်ဒဂုံမြို့နယ်နေ အမျိုးသမီးမှာ စင်ကာပူမှာနေထိုင်စဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့ခဲ့တာကြောင့် ဝေဘာဂီဆေးရုံမှာ သီးသန့်ထားရှိကုသမှုခံယူနေခဲ့တာဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီးမှာ ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းက ကိုယ်အပူချိန် မြင့်တက်လာခဲ့ပြီး စောင့်ကြည့် လူနာအဖြစ် သတ်မှတ်ကာ သီးခြားခန်းမှာ စောင့်ကြပ် ကြည့်ရှုကုသပေးနေခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားခဲ့ပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက် မနက်ပိုင်းမှာတော့ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိတယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ အမျိုးသမီးရဲ့ မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်အနီးတစ်ဝိုက်နေထိုင်သူတွေကို နေအိမ်ကနေ အပြင်မထွက်စေဘဲ သီးခြားစောင့်ကြည့်မှုတွေ ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းအထိ ရန်ကင်းကလေးဆေးရုံမှ အသက် (၂၄) နှစ်အရွယ် အမျိုးသမီးနဲ့ အသက် (၂) နှစ်အရွယ် ကလေးတစ်ဦး၊ နမ္မတူမြို့နယ် အသက် (၄၅) နှစ်အရွယ် အမျိုးသား၊ ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၂၈) နှစ်အရွယ် အမျိုးသား၊ လပွတ္တာပြည်သူ့ဆေးရုံမှ အသက် (၃၃) နှစ်အရွယ် အမျိုးသမီးနဲ့ အသက် (၅၁)နှစ်အရွယ်အမျိုးသား စုစုပေါင်း (၆) ဦးတို့မှာ ဓာတ်ခွဲစစ်ဆေးချက်အရ ဗိုင်းရပ်စ်ရောဂါပိုးမရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဒီနေ့ မနက်ပိုင်းအထိ သံသယလူနာတစ်ဦးအပါအဝင် လူနာ အယောက် (၂၀) တို့ကို ဆေးရုံတွေမှာ စောင့်ကြည့်ကုသမှုပေးနေခဲ့ပြီး ကျန်လူနာတွေရဲ့ ဓာတ်ခွဲစစ်ဆေးမှု အဖြေသတင်းတွေ ရရှိပါကလည်း ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။