ဓာတ်ခွဲစစ်ဆေးချက်အဖြေထွက်လာပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီလ(၅) ရက်နေ့က စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့ အသက်(၂၉)နှစ်အရွယ် မြန်မာအမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးမတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးဟာ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာတစ်ဦးနဲ့ အနီးကပ်ထိတွေ့နေထိုင်ခဲ့ရသူ ဖြစ်တာကြောင့် ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူခဲ့ရတာလည်းဖြစ်ပါတယ်။

စောင့်ကြည့်လူနာများထားရှိတဲ့ ဝေဘာဂီဆေးရုံကိုမြင်တွေ့ရစဉ်

မြန်မာနိုင်ငံမှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ စောင့်ကြည့်မှုနဲ့ ပတ်သက်ပြီး လတ်တလောမှာတော့ စောင့်ကြည့်လူနာ(၂၁)ဦးကို သက်ဆိုင်ရာ ဆေးရုံတွေမှာ ကုသမှုတွေပေးလျှက်ရှိပါတယ်။ အဆိုပါ စောင့်ကြည့်လူနာ (၂၁)ဦးထဲကမှ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ (၁၃)ဦးမှာ ဗိုင်းရပ်စ်ရောဂါပိုးမရှိကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ မနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့တာပါ။ ရောဂါပိုးမတွေ့ရှိခဲ့တဲ့ (၁၃)ဦးထဲမှာတော့ စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ အမျိုးသမီးလည်းပါဝင်ပါခဲ့ပါတယ်။

စောင့်ကြည့်လူနာတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပြီး ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ထုတ်ပြန်ချက်မှာတော့ စင်ကာပူကပြန်လာတဲ့ အမျိုးသမီးဟာ ကိုယ်ပူရှိန်မြင့်တက်လာတယ်ဆိုပြီး သတင်းထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့တာကြောင့် အဆိုပါအမျိုးသမီးရဲ့ ကျန်းမာရေးအခြေအနေကို အားလုံးက စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေခဲ့တာလည်းဖြစ်ပါတယ်။ ယခု ဓာတ်ခွဲစစ်ဆေးချက်အဖြေရရှိလာတဲ့အခါမှာတော့ အဆိုပါအမျိုးသမီးမှာ ရောဂါပိုးမရှိကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ စောင့်ကြည့်လူနာ(၂၁)ဦးမှာ (၁၃)ဦးက ရောဂါပိုးမရှိကြောင်းအတည်ပြုနိုင်ခဲ့ပြီဖြစ်တာကြောင့် ကျန်ရှိတဲ့ စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲအဖြေတွေ သိရှိရပါကလည်း သတင်းထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။ 

Share

Loading Next Article...
က္က