စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် လိမ္မော်ရောင်အဆင့်ရှိနေတယ်ဆိုပြီး အစိုးရရဲ့ ကြေညာချက်ကြောင့် စားနပ်ရိက္ခာပြတ်လပ်မှာကို ပြည်သူအချို့က စိုးရိမ်နေကြတယ်လို့ စင်ကာပူရောက် မြန်မာ အချို့ကပြောပါတယ်။
Photo- gov.sg
အစိုးရကတော့ စားနပ်ရိက္ခာပြတ်လပ်မှာကို မစိုးရိမ်ကြဖို့ ပြောဆိုထားပေမယ့် မနေ့ ဖေဖော်ဝါရီ (၇) ရက်က ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ကြေညာချက်အပြီး စင်ကာပူနိုင်ငံက စူပါမားကတ်တွေမှာ အသင့်စား ကုန်ခြောက်တွေ ပြတ်လပ်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားချက်အရသိရပါတယ်။
“ မနေ့ကကြေညာချက်အပြီး လူတွေက မားကတ်တွေမှာ ထွက်ဝယ်ကြတယ်။ ကျွန်မလည်း သွားဝယ်ခဲ့ပါတယ်။ ဒါပေမယ့် ကြက်ဥတစ်လုံးတောင်မရခဲ့ဘူး။ လိမ္မော်ရောင်အဆင့် ကြေညာလိုက်တော့ နည်းနည်းတော့ ကြောက်တာပေါ့နော်။ မြန်မာပြည်တောင် ခဏပြန်လာရင်ကောင်းမလားလို့စဉ်းစားမိတယ်” လို့ စင်ကာပူနိုင်ငံမှာ (၉) နှစ်ကြာနေထိုင်ခဲ့သူ မလင်းလင်းက Duwun ကိုပြောပါတယ်။
ဒါ့အပြင် စင်ကာပူလုပ်ငန်းခွင်အချို့မှာ လုပ်ငန်းခွင်အခြေအနေပေါ်မူတည်ပြီး အလုပ်ချိန်တွေကို အချိန်ခွဲပြီး ဆင်းခိုင်းတာ၊ အိမ်မှာပဲ အလုပ်လုပ်ခိုင်းတာ စသဖြင့် သတ်မှတ်ပေးထားတယ်လို့ စင်ကာပူရောက် မြန်မာအချို့ရဲ့ ပြောပြချက် အရသိရပါတယ်။
လက်ရှိ စင်ကာပူအစိုးရအနေနဲ့ ပွဲလမ်းသဘင်တွေ မကျင်းပဖို့ ကြေညာထားတာမျိုးမရှိပေမယ့် လူစုလူဝေးများတဲ့နေရာတွေ မသွားဖို့၊ ကျောင်းသားတွေအနေနဲ့ လူစုလူဝေးနဲ့လုပ်ရတဲ့ လှုပ်ရှားမှုမျိုးတွေ မလုပ်ဖို့ အတွက် ကြေညာထားတယ်လို့ စင်ကာပူမှာ အိုင်တီလုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုတိုးအောင်လွင်က Duwun ကို ပြောပါတယ်။
“ ကျွန်တော်တို့ အနေနဲ့ စိုးရိမ်ပူပန်မှုရှိပေမယ့်အရမ်းတုန်လှုပ်တဲ့အနေအထားတော့ မရှိပါဘူး။ အစိုးရရဲ့ ကြေညာချက်တွေအတိုင်း Mask တွေအုပ်ဖို့၊လက်ဆေးဆပ်ပြာတွေသုံးဖို့ အတွက် မြန်မာတွေ တစ်ယောက်နဲ့ တစ်ယောက် အသိပေးကြတာမျိုးတွေလုပ်ပါတယ်။ အခုဆို မားကတ်တွေမှာလည်း စားစရာတွေ ပြန်ပြည့်နေပါပြီ” လို့ ကိုတိုးအောင်လွင်က ပြောပြပါတယ်။
လက်ရှိ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသူ ဒီကနေ့ ဖေဖော်ဝါရီ (၈) ရက်အထိ (၃၃) ယောက်ရှိလာခဲ့ပြီး ရောဂါပိုးကူးစက်ပျံနှံ့နေမှု ဒုတိယအဆင့် လိမ္မော်ရောင်အဆင့် ရှိနေခဲ့ပြီလို့ ကြေညာထားခဲ့ပါတယ်။