မြန်မာကျပ်ငွေဖြင့်ဆိုပါက သိန်း ၁,၇၈၀ ကျော်ရှိ ကြိုတင်ငွေများကို လိမ်လည်ရယူသွားခဲ့ပါတယ်။

စင်ကာပူမှာ အွန်လိုင်းမှတစ်ဆင့် mask ရောင်းပြီး ကြိုတင်ပေးငွေများ လိမ်လည်ရယူသွားတဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

(Photo: Gaya Chandramohan)

ဖမ်းဆီးခံရသူ အသက် ၂၈ နှစ်အရွယ် အမျိုးသားက mask ဘူးအရေအတွက် ၅၀၀ အတွက် နစ်နာသူတစ်ဦးထံမှ ကြိုတင်ငွေ စင်ကာပူဒေါ်လာ ၁၇၅,၀၀၀ ကျော် (မြန်မာကျပ်ငွေ သိန်း ၁,၇၈၀ ကျော်) လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။ စင်ကာပူအခြေစိုက် Carousell အွန်လိုင်းအရောင်းအဝယ် မိုဘိုင်းအက်ပလီကေးရှင်းနဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ mask ရောင်းမယ်လို့ ကြော်ငြာထားတဲ့ အွန်လိုင်းအရောင်းသမားတစ်ဦးက ၎င်းထံမှ ငွေများလိမ်လည်ရယူသွားကြောင်း အမျိုးသားတစ်ဦးက ရဲတပ်ဖွဲ့ထံ တိုင်ကြားလာခဲ့ပါတယ်။



ငွေလိမ်ခံရသူက ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတွေကို ဝေငှပေးရန်အတွက် mask များ ဝယ်ယူရာမှာ ကြိုတင်ငွေ စင်ကာပူဒေါ်လာ ၁၇၅,၀၀၀ ကျော် လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။ သို့သော် ကြိုတင်ငွေများ လက်ခံရရှိပြီးနောက်မှာတော့ mask ရောင်းမယ်လို့ အွန်လိုင်းမှာကြော်ငြာထားသူ အမျိုးသားကို ဆက်သွယ်လို့မရတော့ဘဲ ပစ္စည်းပို့ပေးခြင်းလည်း မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Image: Carousell)

ထို့နောက် Ang Mo Kio ရဲစခန်းမှာ ရဲအရာရှိ‌တွေက ငွေလိမ်လည်ရယူခဲ့ကြောင်း သံသယရှိသူ အမျိုးသားကို ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၄ ရက်) မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ၎င်းကို ယနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) လိမ်လည်မှုဖြင့် တရားစွဲဆိုမှာဖြစ်ပြီး ပြစ်မှုကျူးလွန်ပါက စင်ကာပူဥပဒေအရ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ်ချမှတ်ခံရနိုင်ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

နောက်ဆက်တွဲသတင်းအရ ဖမ်းဆီးစွဲချက်တင်ခံရတဲ့ Daryl Cheong Zhi Yong အမည်ရှိ အမျိုးသားက ၎င်းကိုယ်တိုင်လည်း လိမ်လည်ခံရသူဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေပြီး စင်ကာပူနိုင်ငံမှာလည်း ဖေဖေါ်ဝါရီ ၁၄ ရက် ညပိုင်းအထိ စာရင်းတွေအရ ကူးစက်ခံရသူ ၆၇ ဦး စစ်ဆေးတွေ့ရှိထားကြောင်း CNA သတင်းက ဖော်ပြပါတယ်။ စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် သတိပေးချက်ကိုလည်း လိမ္မော်ရောင်အဆင့်အဖြစ် ဖေဖေါ်ဝါရီ ၇ ရက်နေ့မှာ သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။

(Photo: MediaCorp/CNA)

ဖေဖေါ်ဝါရီ ၁၄ ရက် ညပိုင်းအထိ စာရင်းတွေအရ COVID-19 ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် လူ ၁,၃၈၀၊ ဟောင်ကောင်မှာ ၁ ဦး၊ ဂျပန်မှာ ၁ ဦးနဲ့ ဖိလစ်ပိုင်မှာ ၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၁,၃၈၃ ဦးရှိလာပါတယ်။ ဖေဖေါ်ဝါရီ ၁၄ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၄,၄၄၄ ဦးအထိ မြင့်တက်လာကြောင်းလည်း သိရပါတယ်။

ဖေဖေါ်ဝါရီ ၁၄ ရက် ညနေပိုင်းအထိ စာရင်းတွေအရ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီး ဆေးကုသမှုဖြင့် ပြန်လည်သက်သာလာသူ ကမ္ဘာတစ်ဝှမ်းမှာ ၇,၁၅၅ ဦးရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးမှာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က