စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်တိုက်ဖျက်ရေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို အစိုးရက လခတစ်လစာ ပမာဏရှိ အထူးဘောနပ်စ် ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
(စင်ကာပူ နိုင်ငံရေးခေါင်းဆောင်များ) (Photo: TheIndependent.sg)
စင်ကာပူ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး Heng Swee Keat က အဆိုပါ ပြည်သူ့ဝန်ထမ်းတွေကို အထူးဘောနပ်စ် ချီးမြှင့်မယ့်အစီအစဥ်အား ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က လွှတ်တော်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။
"ဘောနပ်စ်ပေးမယ့် အစီအစဥ်မှာ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းအများအပြား ပါဝင်မှာပါ၊ ဒါ့အပြင် ဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ တိုက်ရိုက်ပါဝင်နေကြတဲ့ အခြား အရေးပါတဲ့ ဌာနတွေမှ ဝန်ထမ်းတွေကိုလည်း ဘောနပ်စ်ပေးသွားမှာ ဖြစ်ပါတယ်" လို့ ၎င်းကပြောကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
(စင်ကာပူ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး Heng Swee Keat) (Photo: MediaCorp)
ထို့အတူ ဗိုင်းရပ်စ်ကိစ္စမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ အခြား ပြည်သူ့ဝန်ထမ်းတွေကိုလည်း သင်တော်တဲ့နည်းလမ်းဖြင့် အသိအမှတ်ပြုသွားမယ်လို့ Heng Swee Keat က ဖြည့်စွက်ပြောပါတယ်။ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ Heng Swee Keat က ယခုနှစ် အစိုးရဘတ်ဂျက်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ပြည်သူ့ဝန်ထမ်းတွေကို ဘောနပ်စ်ပေးမှာဖြစ်ပေမဲ့ နိုင်ငံရေးရာထူးပိုင်ဆိုင်ထားသူ အားလုံးကတော့ ၎င်းတို့ရဲ့လစာကို တစ်လစာလျှော့ယူသွားမယ်လို့ Heng Swee Keat က ကြေညာခဲ့ပါတယ်။ လွှတ်တော်အမတ်အားလုံးဟာလည်း ၎င်းတို့ရဲ့ ထောက်ပံ့ကြေးကို တစ်လစာလျှော့ယူသွားမှာဖြစ်ပြီး အကြီးတန်းအရာရှိ ပြည်သူ့ဝန်ထမ်းတွေကတော့ လစာတစ်ဝက် လျှော့ယူသွားမယ်လို့ ဆိုပါတယ်။
(စင်ကာပူသမ္မတ ဟာလီမာယာကော့ဘ် ကျမ်းသစ္စာကျိန်ဆိုခဲ့စဥ်) (Photo: Getty Images)
"သမ္မတကလည်း သူမအနေနဲ့ အလားတူ လစာလျှော့ယူသွားမယ်လို့ ကျွန်တော့်ကို အကြောင်းကြားထားပါတယ်" လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ ပြည်သူနဲ့ အစိုးရကြား ခိုင်မာတဲ့ယုံကြည်မှုရှိတာကြောင့် စင်ကာပူဟာ COVID-19 ရောဂါဗိုင်းရပ်စ်ကို အားကောင်းစွာနဲ့ ထိရောက်စွာ တုံ့ပြန်နိုင်စွမ်းရှိနေကြောင်းလည်း Heng Swee Keat က ဆိုပါတယ်။
"ကျွန်တော်တို့အားလုံး အတူတကွ" ဆိုတဲ့ နားလည်ခံစားမှုမျိုးဖြစ်တယ်လို့ ၎င်းက ညွှန်းဆိုပြောကြားပါတယ်။ ပြည်သူတွေနဲ့ တစ်သားတည်း စည်းလုံးညီညွတ်မှုရှိကြောင်းပြသရန် နိုင်ငံရေးခေါင်းဆောင်တွေက ၎င်းတို့ရဲ့အပိုင်းကို လုပ်ဆောင်ကြမယ်လို့ Heng Swee Keat က ပြောခဲ့ပါတယ်။