အမျိုးသမီးရဲ့ ဓာတ်ခွဲနမူနာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကိုပေးပို့စစ်ဆေးသွားမှာပါ။

စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာတစ်ဦးနဲ့ အနီးကပ်နေထိုင်ခဲ့တာကြောင့် ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်ခံနေရတဲ့ အမျိုးသမီးဟာ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ မနက်ပိုင်းကစလို့ ကိုယ်အပူရှိန် မြင့်တက်လာတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါအမျိုးသမီးကိုတော့ ဝေဘာဂီဆေးရုံ သီးခြားခန်းမှာ စောင့်ကြပ်ကြည့်ရှုကုသပေးလျှက်ရှိပြီး သူရဲ့ ဓာတ်ခွဲနမူနာကိုတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လူနာကို စစ်ဆေးရာမှာတော့ အခြားပြင်းထန် အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေမတွေ့ရှိခဲ့ဘူးလို့ဆိုပါတယ်။  



အဆိုပါ အမျိုးသမီးဟာ ဖေဖော်ဝါရီလ (၅)ရက်နေ့က စင်ကာပူကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့တာဖြစ်ပြီး အဆိုပါ အမျိုးသမီးဟာ စင်ကာပူမှာကိုရိုနာဗိုင်းရပ်စ် လူနာတစ်ဦးနဲ့ အနီးကပ်ထိတွေ့နေထိုင်ခဲ့ကြောင်းကို စင်ကာပူနိုင်ငံကတာဝန်ရှိသူတွေက မြန်မာနိုင်ငံ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနကို Email နဲ့ အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။

သတင်းရရှိခြင်းမှာပဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆက်သွယ်ပြီး လေကြောင်းလိုင်းနဲ့ ခရီးသည်စာရင်းတွေကို စစ်ဆေးရာမှာ အဆိုပါအမျိုးသမီးရဲ့ နေရပ်လိပ်စာကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ လိပ်စာသိရှိပြီးတဲ့ အခါမှာ တာဝန်ရှိသူတွေက သူမနေထိုင်ရာကို လိုက်သွားခဲ့ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့တဲ့အချိန်မှာ အဆိုပါ အမျိုးသမီးမှာ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာမရှိသော်လည်း ဝေဘာဂီဆေးရုံမှာ ခွဲခြားထားရှိပြီး အသွားအလာများကို ကန့်သတ်ပြုလုပ်ကာ စောင့်ကြည့်နေခဲ့တာပါ။

ရန်ကုန်နေအိမ်မှာလည်း သူမနဲ့အတူ ထိတွေ့ခဲ့သူများကို နေအိမ်အတွင်းမှာပဲ အသွားအလာကန့်သတ်ပြီး နေထိုင်ခိုင်းခဲ့တာပါ။ လက်ရှိမှာတော့ စင်ကာပူက ပြန်လာတဲ့အမျိုးသမီးဟာ မနေ့ကစပြီး ကိုယ်အပူရှိန် မြင့်တက်လာတာကြောင့် ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုကုသပေးလျှက်ရှိနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ (၂၀)ဦးထိရှိနေပြီး သက်ဆိုင်ရာဆေးရုံတွေမှာ စောင့်ကြည့်ကုသပေးနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က