စင်ကာပူနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဟန့်တားရေး စည်းမျဥ်းတွေကို မလိုက်နာတဲ့ လူတစ်ဦးချင်းစီ၊ ပွဲအခမ်းအနားစီစဥ်သူများနဲ့ အဆောက်အအုံပိုင်ရှင်များ ထောင်ဒဏ်နဲ့ငွေဒဏ်များ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။
မတ်လ ၂၆ ရက် စင်ကာပူဒေသစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်မှာ စတင်သက်ရောက်ခဲ့တဲ့ စည်းမျဥ်းအသစ်များအရ ထိုသို့ ထောင်ဒဏ်နဲ့ငွေဒဏ်များ ချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။ အိမ်မှာနေရန် သတိပေး အကြောင်းကြားခံထားရသူတွေကိုလည်း မလိုက်နာပါက အလားတူပြစ်ဒဏ်များ ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။
ကူးစက်မြန်ရောဂါအက်ဥပဒေ (Infectious Diseases Act) အရ ထုတ်ပြန်ထားတဲ့ စည်းမျဥ်းအသစ်များက လူများ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြရန် စင်ကာပူဝန်ကြီးဌာနပေါင်းစုံပါဝင်တဲ့ COVID-19 လုပ်ငန်းအဖွဲ့ (COVID-19 Multi-Ministry Taskforce) က ညွှန်ကြားထားတဲ့ အစီအမံကို မလိုက်နာများအား ဥပဒေအရ အရေးယူနိုင်မှာ ဖြစ်ပါတယ်။
COVID-19 ထိန်းချုပ်ဟန့်တားရေး လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ့် စည်းမျဥ်းကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားသူတွေဟာ ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ စင်ကာပူဒေါ်လာ ၁၀,၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက (Ministry of Health - MOH) က သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စင်ကာပူမှာ အစောပိုင်းကလည်း ကျောင်းများနဲ့ အလုပ်နေရာပြင်ပမှာ လူ ၁၀ ထက်ပိုပြီး စုရုံးမှုကို တားမြစ်ထားပြီး နိုက်ကလပ်များ၊ ကပွဲရုံများ၊ ကာရာအိုကေဆိုင်များ၊ ရုပ်ရှင်ရုံများနဲ့ ကဇာတ်ရုံများကိုလည်း ပိတ်ပင်ကြောင်း စီမံဆောင်ရွက်ချက်အသစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အသစ်ထုတ်ပြန်ထားတဲ့ စည်းမျဥ်းတွေအရ အဆောက်အအုံပိုင်ရှင်များနဲ ပွဲအခမ်းအနားစီစဥ်သူများဟာလည်း ထိုင်ခုံများကို တစ်ခုံနဲ့တစ်ခုံ သုံးပေခွာပြီးထိုင်နိုင်ရန် စီစဥ်ပေးထားရမှာ ဖြစ်ပါတယ်။ ထို့အတူ လက်လီအရောင်း စတိုးဆိုင်များ သို့မဟုတ် စူပါမတ်ကက်များမှာ တန်းစီးစောင့်ဆိုင်းရပါကလည်း တစ်ဦးနဲ့တစ်ဦး သုံးပေခွာနေရန် ညွှန်ကြားထားပါတယ်။
စီးပွားရေးလုပ်ငန်းပိုင်ရှင်များနဲ့ ပွဲအခမ်းအနားစီစဥ်သူတွေဟာ ထိုစည်မျဥ်းတွေအတိုင်း လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုပါက ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ စင်ကာပူဒေါ်လာ ၁၀,၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်း သိရပါတယ်။ တန်းစီးရာမှာဖြစ်စေ၊ ထိုင်ခုံများမှာ ထိုင်ရာမှာဖြစ်စေ သတ်မှတ်ချက်အတိုင်း သုံးပေခွာပြီး မနေကြသူတွေကိုလည်း အလားတူ ပြစ်ဒဏ်များချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
(Photo: MediaCorp)
မတ်လလယ်မှစပြီး လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၊ ဂျပန်၊ ဆွစ်ဇာလန် သို့မဟုတ် ဗြိတိန်သို့ သွားရောက်ခဲ့ဖူးသူတွေဟာ စင်ကာပူကိုရောက်ရှိလာပါက ၁၄ ရက်ကြာ အိမ်မှာပဲနေရမယ့် သတိပေး အကြောင်းကြားချက်ရရှိမှာ ဖြစ်ပါတယ်။ ယခုအခါ စည်းမျဥ်းအသစ်များအရ အိမ်မှာပဲနေရမယ့် သတိပေး အကြောင်းကြားချက်ကို ချိုးဖောက်သူတွေဟာလည်း ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ စင်ကာပူဒေါ်လာ ၁၀,၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၂၇ ရက် မွန်းလွဲပိုင်းအထိ စင်ကာပူမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၈၃ ဦးရှိပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။ လက်ရှိအချိန်အထိ စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ ၁၇၂ ဦးရှိကြောင်း သိရပါတယ်။ မတ်လ ၂၇ ရက် မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ သန်းတစ်ဝက်ကျော် (၅၃၇,၀၄၂ ဦး) နဲ့ သေဆုံးသူ ၂၄,၁၁၀ ဦးအထိ မြင့်တက်လာပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသွားသူ ၁၂၃,၂၆၈ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။