နာမည်ကြီး Game ပစ္စည်းကုမ္ပဏီ Razer ဟာ ကုမ္ပဏီထုတ် masks များ စင်ကာပူနိုင်ငံအနှံ့ ရောက်ရှိနိုင်ဖို့ Face Mask အရောင်းစက်ကွန်ရက်တစ်ခု စတင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးအတွက် ပြီးခဲ့တဲ့လကပဲ စင်ကာပူနိုင်ငံမှာ အပြင်ထွက်တိုင်း mask မဖြစ်မနေ တပ်ပြီးမှ သွားလာဖို့ ညွှန်ကြားထားပါတယ်။ Razer ဟာ lockdown အစီအမံများ ဖြေလျှော့မယ့် ဇွန်လ ၁ ရက်နေ့မှာ Frasers Property's malls များနဲ့ JustCo စင်တာတွေမှာ mask အရောင်းစက် ၂၀ ကနဦး တပ်ဆင်သွားမှာ ဖြစ်တယ်လို့ Reuters သတင်းက ဆိုပါတယ်။
Photo: channelnewsasia
Gaming စက်များ ၊ ကီးဘုတ်များနဲ့ နာမည်ကြီးတဲ့ Razer ဟာ COVID-19 ကပ်ဘေးအတွင်း ဈေးကွက်လိုအပ်ချက် မြင့်မားနေတဲ့ ဆေးရုံသုံးပစ္စည်း ထုတ်လုပ်လာတဲ့ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ပါတယ်။ ပလတ်စတစ်ပုံလောင်းစက်ရုံ Sunningdale Tech နဲ့ လက်တွဲပြီး မကြာခင်မှာ surgical mask ထုတ်လုပ်မှု နှစ်ဆ တိုးမြှင့်လာဖို့ လုပ်ဆောင်နေပါတယ်။
Razer ရဲ့ အဆိုအရ ဧပြီလအတွင်း စင်ကာပူမှာ ထုတ်လုပ်မှုလုပ်ငန်းစဉ် စတင်ပြီးနောက် တစ်လမှာ mask အရေအတွက် ၁၀ သန်းအထိ ထုတ်လုပ်လာနိုင်တော့မယ်လို့ ဆိုပါတယ်။ Razer ဟာ အသက် ၁၆ နှစ်နဲ့ အထက် နိုင်ငံသားနဲ့ နေထိုင်သူများအတွက် Mask ၅ သန်း အခမဲ့ ပေးသွားဖို့လည်း စီစဉ်နေပါတယ်။ mask များ ဝေငှမှုကို ကုမ္ပဏီရဲ့ မိုဘိုင်းငွေပေးငွေချေ အက်ပလီကေးရှင်းဖြစ်တဲ့ Razer Pay ကနေ လုပ်ဆောင်သွားမှာပါ။
ကပ်ဘေးကြောင့် ကမ္ဘာနဲ့အဝှမ်း ကျန်းမာရေးသုံး ပါးစပ်နှာခေါင်းစည်းပစ္စည်း ပြတ်လပ်မှုများ ဖြစ်ပေါ်နေချိန်မှာ စင်ကာပူအာဏာပိုင်တွေဟာ ဒေသတွင်း mask ထုတ်လုပ်ဖြန့်ဖြူးနိုင်မယ့် အရင်းအမြစ်သစ်တွေ ရှာဖွေနေပါတယ်။