စင်ကာပူနိုင်ငံမှာ တစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ အသစ်တွေ့ရှိမှု ၃၈၆ ဦးအထိ အများဆုံးစံချိန်တင် မြင့်တက်လာခဲ့ကြောင်း ဧပြီ ၁၃ ရက် ညပိုင်း စာရင်းထုတ်ပြန်မှုအရ သိရှိရပါတယ်။
ယမန်နေ့ ညပိုင်းစာရင်းတွေအရ စင်ကာပူမှာ COVID-19 ကြောင့် နောက်ထပ် လူနာတစ်ဦး ထပ်မံ သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၉ ဦးရှိလာပါတယ်။ အသက် ၆၅ နှစ်အရွယ် စင်ကာပူနိုင်ငံသား လူနာဟာ COVID-19 ကူးစက်ခံရမှုကြောင့် ထပ်တိုးရောဂါများဖြင့် ဧပြီ ၁၃ ရက် မွန်းလွဲပိုင်းမှာ သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က နေ့စဥ် သတင်းထုတ်ပြန်ရာမှာ ပြောခဲ့ပါတယ်။
လက်ရှိအချိန်အထိ စင်ကာပူမှာ COVID-19 ကူးစက်ခံရသူ ၂,၉၁၈ ဦးအထိရှိလာပြီ ဖြစ်ပါတယ်။ ယနေ့ ထပ်မံတွေ့ရတဲ့ အစုအပြုံလိုက် ကူးစက်မှုနေရာအသစ် လေးခုရှိပြီး တံခါးထုတ်လုပ်ရောင်းချတဲ့ CitiWall ကုမ္ပဏီ၊ Jalan Kubor ရှိ ABC တည်းခိုဆောင်နဲ့ အခြား အဆောင်နှစ်ခုဖြစ်ကြောင်း CNAသတင်းက ဖော်ပြပါတယ်။
အသစ်တွေ့ရှိရတဲ့ ကူးစက်ခံရသူ ၃၈၆ ဦးအနက် ၂၈၀ ဟာ ယခင် ကူးစက်မှုတွေ့ရှိခဲ့တဲ့ နေရာများနဲ့ ဆက်စပ်နေပါတယ်။ စင်ကာပူမှာ COVID-19 ကူးစက်မှုတိုက်ဖျက်ရေး Circuit Breaker အမည်ဖြင့် အစီအမံများ ဆောင်ရွက်နေပါတယ်။ ထိုအစီအမံအရ လုပ်ငန်းများနဲ့ ကျောင်းများ ပိတ်ထားခြင်း၊ လူစုလူဝေး မပြုလုပ်စေခြင်း အပါအဝင် စည်းမျဥ်းစည်းကမ်းများ ထုတ်ပြန်ထားပြီး မလိုက်နာသူတွေကို စင်ကာပူဒေါ်လာ ၃၀၀ ဒဏ်ငွေပေးဆောင်စေမှာဖြစ်ကြောင်း သိရပါတယ်။
ယမန်နေ့ ညပိုင်းအထိ စာရင်းတွေအရ စင်ကာပူအပါအအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID-19 ကူးစက်ခံရသူ ၂၀,၄၀၂ ဦး၊ သေဆုံးသူ ၈၄၅ ဦးနဲ့ ပြန်လည်သက်သာသူ ၅,၁၀၄ ဦးရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ လက်ရှိအချိန် COVID-19 ကူးစက်ခံရသူ ၁,၉၀၃,၅၁၇ ဦး၊ သေဆုံးသူ ၁၁၈,၃၇၂ ဦးနဲ့ ပြန်လည်သက်သာသူ ၄၃၉,၀၇၂ ဦးရှိခဲ့ကြောင်း သိရပါတယ်။