စင်ကာပူမှာ ယာဥ်ထိန်းရဲအရာရှိတစ်ဦးကို လာဘ်ငွေပေးရန် ကြိုးပမ်းခဲ့တဲ့ ကုန်တင်ယာဥ်မောင်းတစ်ဦး ထောင်ဒဏ်လေးပတ် ချမှတ်ခံရပါတယ်။
စင်ကာပူဒေါ်လာ ၁၀၀ လာဘ်ထိုးရန် ကြိုးပမ်းခဲ့ပါတယ်
(Photo: Reuters)
ယနေ့ (ဖေဖေါ်ဝါရီ ၂၁ ရက်) မှာ ထောင်ဒဏ်မှတ်ခံရတဲ့ အသက် ၆၂ နှစ်အရွယ် Teo Teck Yong အမည်ရှိ ကုန်တင်ယာဥ်မောင်းဟာ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ယာဥ်ထိန်းရဲတပ်ကြပ်ကြီး Shivasuria ကို လာဘ်ငွေပေးရန် ကြိုးပမ်းခဲ့ကြောင်း အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာန (Corrupt Practices Investigation Bureau - CPIB) ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
၂၀၁၉ ခုနှစ် ဩဂုတ် ၁၈ ရက်နေ့မှာ ယာဥ်ထိန်းရဲတပ်ကြီး Shivasuria က ခါးပတ်မပတ်ဘဲ ကုန်တင်ယာဥ်မောင်းနှင်လာတဲ့ Teo ကို တွေ့ရှိပြီးနောက် ယာဥ်ကိုရပ်တန့်စေခဲ့ပါတယ်။ ထို့နောက် Teo က ယာဥ်စည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူမခံရစေရန် ယာဥ်ထိန်းရဲတပ်ကြပ်ကြီးကို စင်ကာပူဒေါ်လာ ၁၀၀ (မြန်မာကျပ်ငွေတစ်သိန်းကျော်) ပေးမယ်လို့ ထပ်ခါတလဲလဲ ကမ်းလမ်းခဲ့ကြောင်း သိရပါတယ်။
(Photo: Berita Harian)
အဂတိလိုက်စားမှုကို လုံးဝ သည်းမခံဘဲ တိကျပြတ်သားစွာ အရေးယူဆောင်ရွက်မှုပါတယ်
ယာဥ်ထိန်းရဲတပ်ကြပ်က Teo ရဲ့ ကမ်းလှမ်းမှုကို လက်မခံဘဲ CPIB သို့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ထိုအမှုအတွက် ကုန်တင်ယာဥ်မောင်း Teo ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က အဂတိလိုက်စားမှုတားဆီးရေးအက်ဥပဒေဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။ "စင်ကာပူက အဂတိလိုက်စားမှုကို လုံးဝ သည်းမခံဘဲ တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုဖြင့် ကိုင်တယ်ဖြေရှင်းပါတယ်" လို့ CPIB က ပြောပါတယ်။
ယခုအမှုနဲ့ပတ်သက်ပြီး ယာဥ်ထိန်းရဲတပ်ကြပ်ကြီး Shivasuria ဂုဏ်သိက္ခာရှိတဲ့လုပ်ရပ်ကိုလည်း CPIB က ချီးကျူးထားပါတယ်။ "လာဘ်ထိုးတာ ဒါမှမဟုတ် လာဘ်ထိုးဖို့ကြိုးပမ်းတာက ကြီးလေးတဲ့ပြစ်မှု ဖြစ်ပါတယ်" လို့ CPIB က ပြောပါတယ်။ စင်ကာပူမှာ အဂတိလိုက်စားတဲ့ ပြစ်မှုတစ်ခုကျူးလွန်ပါက ငွေဒဏ် စင်ကာပူဒေါ်လာ ၁၀၀,၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ငါးနှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။