စင်ကာပူနိုင်ငံမှာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုအပေါ် တုံ့ပြန်ဆောင်ရွက်ရေး အဆင့်သတ်မှတ်ချက်ကို လိမ္မော်ရောင်အဖြစ် ဖေဖေါ်ဝါရီ ၇ ရက်မှာ အစိုးရက သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။
(Photo: MediaCrop/CNA)
စင်ကာပူကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို တုံ့ပြန်ဆောင်ရွက်ရာမှာ ကြိုတင်ကာကွယ်ရေး နောက်ထပ် အစီအစဥ် ဆောင်ရွက်ချက်တွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ စင်ကာပူအစိုးရက သတ်မှတ်ထုတ်ပြန်လိုက်တဲ့ 'ရောဂါဖြစ်ပွားမှု တုံ့ပြန်ဆောင်ရွက်ရေးစနစ် အခြေအနေ လိမ္မော်ရောင်အဆင့်' (ရောဂါဖြစ်ပွားမှုအန္တရာယ် အဝါရောင်အဆင့် သတိပေးချက်လို့ သိနားလည်ထားကြပါတယ်) နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်အချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။
ရောဂါဖြစ်ပွားမှု တုံ့ပြန်ဆောင်ရွက်ရေးစနစ် အခြေအနေ လိမ္မော်ရောင်အဆင့်
(Photo: Reuters)
လိမ္မော်ရောင်အဆင့်
- ရောဂါအမျိုးအစား - ပြင်းထန်ပြီး တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ သို့သော် စင်ကာပူမှာ အကြီးအကျယ် ကူးစက်ပျံ့နှံ့ခဲ့တာမျိုး မဟုတ်ဘဲ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်ပါတယ်။ (ဥပမာ - စင်ကာပူမှာ SARS ရောဂါကူးစက်မှု ကြုံခဲ့ရစဥ်ကဲ့သို့)
- နေ့စဥ့်လူမှုဘဝအပေါ် သက်ရောက်မှု - အတန်အသင့် အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ (ဥပမာ - သီးသန့်ခွဲထားမှု၊ ကိုယ်အပူချိန်စောင့်ကြည့်စစ်ဆေးမှု၊ ဆေးရုံမှာ ဧည့်ဝင်ခွင့်ကန့်သတ်မှု)
- အများပြည်သူအတွက် အကြံပြုချက် - နေမကောင်းပါက အိမ်မှာပဲနေပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုစိုက်ပါ။ ကျန်းမာရေးအကြံပြုချက်များကို ဂရုပြုပါ။ ရောဂါထိန်းချုပ်ရေးဆောင်ရွက်မှုတွေကို လိုက်နာဆောင်ရွက်ပါ။
အလုပ်ရှင်များနဲ့ လုပ်ငန်းခွင်
အလုပ်ရှင်အားလုံးက ဝန်ထမ်းတွေကို အနည်းဆုံး တစ်နေ့လျှင် နှစ်ကြိမ် ကိုယ်အပူချိန်တိုင်းသင့်ပါတယ်။ ဝန်ထမ်းတွေမှာ ချောင်းဆိုး၊ နှာစေးခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများရှိ မရှိ စစ်ဆေးသင့်ပါတယ်။ ဝန်ထမ်းတစ်ဦး နေမကောင်းဖြစ်နေ သို့မဟုတ် ကိုယ်ပူနေပါက ဆရာဝန်နဲ့တွေ့ရန် လုပ်ငန်းခွင်မှ ချက်ချင်းထွက်ခွာသင့်ပါတယ်။ လုပ်ငန်းခွင်အားလုံးအနေနဲ့ အလုပ်ရပ်မသွားစေရန် လုပ်ငန်းအစီအစဥ်များနဲ့ လူအချင်းချင်းကြား အကြီးအကျယ် ကူးစက်ပျံ့နှံ့မှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်သင့်ကြောင်း MOH က ပြောထားပါတယ်။
စာသင်ကျောင်းများနဲ့ ရောဂါကူးစက်လွယ်သူအုပ်စုများ
ကျောင်းတွင်းနဲ့ ကျောင်းပြင်ပ လှုပ်ရှားမှုတွေကို မတ်လကုန် ကျောင်းပိတ်ရက်များအထိ ရပ်ဆိုင်းထားမှာဖြစ်ပါတယ်။ အစိုးရကျောင်းအားကစားပွဲများ၊ လေ့လာရေးခရီးစဥ်များနဲ့ စခန်းချအစီအစဥ်များ ပါဝင်ပါတယ်။ စာသင်ကျောင်းနဲ့ ဆရာ ဆရာမ အားလုံးက လိမ္မော်ရောင်အဆင့် ထုတ်ပြန်ချက်အရ အကောင်အထည်ဖော် ဆောင်ရွက်မယ့် အစီအစဥ်တွေကို အင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၁၁ ရက်) မှာ ကြေညာသွားမှာ ဖြစ်ပါတယ်။
(Photo: MediaCorp/CNA)
စာသင်ကျောင်းတွေမှာ ကျောင်းသားကျောင်းသူ အများအပြား စုဝေးတဲ့ အစီအစဥ်တွေ ဖျက်သိမ်းခြင်း၊ ကျောင်းသားကျောင်းသူများ လေ့လာရေးခရီးစဥ်များ ဖျက်သိမ်းခြင်းနဲ့ ဧည့်သည်လာရောက်မှု ကန့်သတ်ခြင်းတို့ ပါဝင်မယ်လို့ဆိုပါတယ်။ မူလတန်းကျောင်းတွေနဲ့ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဌာနတွေမှာလည်း ဧည့်သည်လာရောက်မှုကို ကန့်သတ်သွားမှာဖြစ်ပါတယ်။ သီးခြားအနေနဲ့ ဆေးရုံတွေရဲ့ ဝင်ပေါက်တွေမှာ ကိုယ်အပူချိန်တိုင်းခြင်းနဲ့ ပိုမိုထိန်းချုပ်ခြင်းတို့ လုပ်ဆောင်သွားမှာပါ။ အဆုတ်ရောင်ရောဂါလက္ခဏာရှိတဲ့ လူနာတွေကို သီးသန့်ခွဲထားမှု စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ပွဲအခမ်းအနားစီစဥ်သူများ
မဖြစ်မနေ ကျင်းပပြုလုပ်ရန် မလိုအပ်တဲ့ ပွဲအခမ်းအနားတွေကို ဖျက်သိမ်းရန် MOH က အကြံပြုထားပါတယ်။ ပွဲအခမ်းအနားများ ကျင်းပပြုလုပ်ပါကလည်း ကိုယ်အပူချိန်တိုင်းခြင်းနဲ့ ပွဲတက်ရောက်လာသူများအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိသူကို ရှာဖွေခြင်းနဲ့ နေမကောင်းသူတွေကို ပွဲတက်ခွင့်မပေးခြင်း အပါအဝင် လိုအပ်တဲ့ ကာကွယ်ရေးဆောင်ရွက်ချက်အားလုံးကို လုပ်ဆောင်သင့်ကြောင်း MOH က ပြောထားပါတယ်။
(Photo: The Straits Times)
ထို့အတူ ပွဲတက်လာမယ့်သူတွေကိုလည်း လတ်တလော ကာလအတွင်း တရုတ်ပြည်မကြီးသို့ ခရီးသွားခဲ့ဖူးပါက ပွဲမတက်ရန် သတိပေးသင့်တယ်လို့ MOH က ထုတ်ပြန်ပါတယ်။ ပွဲအခမ်းအနားကျင်းပရာ နေရာတွေမှာလည်း လက်ဆေးရန် စီစဥ်ပေးထားမှုနဲ့ လူအများ အသုံးပြုတဲ့နေရာတွေကို သန့်ရှင်းရေးဆောင်ရွက်မှု အကြိမ်ရေ တိုးမြှင့်သင့်ကြောင်းလည်း အကြံပြုထားပါတယ်။ ပွဲတက်လာသူတွေရဲ့ အချက်အလက်စာရင်း ပြုစုထားရှိသင့်တယ်လို့ MOH က ပြောထားပါတယ်။
လူတစ်ဦးချင်းစီရဲ့ အခန်းကဏ္ဍ
လူတစ်ဦးချင်းစီက ၎င်းတို့နဲ့သက်ဆိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ကြမှသာ စီစဥ်ဆောင်ရွက်မှုတွေက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးမှာ ထိရောက်မှုရှိမှာဖြစ်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ နေမကောင်းသူတွေအနေနဲ့ အိမ်မှာပဲနေသင့်ပြီး ဆရာဝန်နဲ့တွေ့ရန် နေအိမ်ပြင်ပသွားလာပါက mask တပ်ဆင်သင့်ကြောင်း သတိပေးထားပါတယ်။ နေမကောင်းဖြစ်နေသူတွေဟာ အခြားသူတွေနဲ့ အနီးကပ်နေထိုင်ခြင်း မပြုသင့်ကြောင်း MOH က အကြံပြုထားပါတယ်။ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ဟာ ကူးစက်ခံထားရသူတွေထံမှ အရည်များနဲ့ တိုက်ရိုက် သို့မဟုတ် တိုက်ရိုက်မဟုတ်ဘဲ ထိတွေ့မှုမှတစ်ဆင့် အခြားသူထံ ကူးစက်ကြောင်း MOH က ပြောထားပါတယ်။
ဖေဖေါ်ဝါရီ ၈ ရက် နေ့လယ်ပိုင်းအထိ ဗိုင်းရပ်စ်အခြေအနေ
စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃၃ ဦး စစ်ဆေးအတည်ပြုထားပြီး ၃ ဦးဟာ လတ်တလော ကာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်း မရှိပါဘူး။ ဖေဖေါ်ဝါရီ ၈ ရက် နေ့လယ်ပိုင်းအထိ စာရင်းတွေအရ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်ပြည်မကြီးမှာ ၇၂၂ ဦး၊ ဟောင်ကောင်မှာ ၁ ဦးနဲ့ ဖိလစ်ပိုင်မှာ ၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၇၂၄ ဦးရှိလာပါတယ်။
တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်း လူဦးရေ ၃၄,၈၈၈ ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ဆေးကုသမှုဖြင့် နေပြန်ကောင်းလာသူ ၂,၁၂၃ ဦးရှိကြောင်း သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာကုန်က တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
(Photo: AFP)
ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ပါတယ်။ WHO က 2019-nCoV ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။
Source: CNA, AFP