နိုဝင်ဘာ ၁၅ ရက်နေ့အထိ စမ်းသပ်ပြေးဆွဲမှာပါ

app ကနေ Booking တင်ပြီး မောင်းသူမဲ့ဘတ်စ်ကား စီးနင်းနိုင်မယ့် ဝန်ဆောင်မှုကို စင်ကာပူမှာ စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။


တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မောင်းသူမဲ့ ယာဉ်တွေ စတင်ပြေးဆွဲဖို့ရည်မှန်းထားတဲ့ စင်ကာပူဟာ မောင်းသူမဲ့ မီနီဘတ်စ် ၄ စီးကို စမ်းသပ်ပြေးဆွဲနေပြီလို့ST Engineering ကုမ္ပဏီရဲ့ အဆိုကို ကိုးကားပြီး Philstar ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ST Engineering ဟာ ယခု ပြေးဆွဲမယ့် မောင်းသူမဲ့မီနီဘတ်စ်ကားတွေကို ထုတ်လုပ်ပေးတဲ့ စင်ကာပူကုမ္ပဏီ ဖြစ်ပါတယ်။




ဒီမောင်းသူမဲ့ မီနီဘတ်စ် ၄ စင်းဟာ ဆန်တိုဆာ အပန်းပြေကျွန်းတစ်လျှောက် သြဂုတ်လ ၂၆ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ပြေးဆွဲမှာ ဖြစ်ပြီး ပြေးဆွဲရာ လမ်းကြောင်းဟာ ၅.၇ ကီလိုမီတာ ( ၃.၅ မိုင်) ရှိမယ်လို့ဆိုပါတယ်။ အများပြည်သူ စီးနင်းလိုက်ပါနိုင်မှာ ဖြစ်ပြီး ခရီးသည်တွေဟာ သူတို့ရဲ့ ဖုန်းထဲမှာ ရှိတဲ့ app ကနေ ကားလမ်းကြောင်းတွေ ကြည့်နိုင်ပြီး စီးနင်းလိုက်ပါနိုင်မှာပါ။

မိုဘိုင်းဖုန်းမကိုင်ဆောင်တဲ့ ခရီးသည်များအတွက်လည်း မောင်းသူမဲ့ယာဉ် ဖြတ်သန်းရာ မှတ်တိုင်တွေမှာရှိတဲ့ သတင်းအချက်အလက် ဘုတ်ကနေ တစ်ဆင့် booking တင်နိုင်မှာပါ။ မောင်းသူမဲ့ မီနီဘတ်စ်တွေမှာတော့ လိုအပ်မယ်ဆိုရင် ကားကို ထိန်းချုပ်နိုင်ဖို့အတွက် ယာဉ်မောင်းတစ်ဦးလည်း ပါလာမယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က သရုပ်ပြမောင်းနှင်ချိန်မှာ မောင်းသူမဲ့မီနီဘတ်စ် ၄ စီးထဲက ၂ စီးဟာ လမ်းကူးချိန်မှာ ရပ်သွားတဲ့ ပြဿနာအနည်းငယ်ရှိနေခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် မိုးအတော်အသင့်ရွာနေချိန်မှာ ပုံမှန် သွားလာနိုင်ပေမယ့် မိုးသည်းထန်ချိန်တွေမှာ ရပ်သွားမှာ ဖြစ်ပါတယ်။

Photo: Deccan Chronicle

ဒီယာဉ်တွေကို ထုတ်လုပ်ထားတဲ့ ST Engineering ရဲ့ ဥက္ကဌနဲ့အမှုဆောင်အရာရှိချုပ် ဗင်းဆင့်ချောင်ကတော့ ဒီမီနီဘတ်စ်တွေဟာ အဆင့်မြင့် multi-sensor နည်းပညာ တပ်ဆင် အသုံးပြုထားပြီး ရှုပ်ထွေးတဲ့ မြို့ပြပတ်ဝန်းကျင်မှာ မောင်းနှင်သွားလာနိုင်အောင် တည်ဆောက်ထားတယ်လို့ဆိုပါတယ်။

စင်ကာပူအစိုးရဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ မောင်းသူမဲ့ ဘတ်စ်ကားများကို တစ်နိုင်ငံလုံးအနှံ့ပြေးဆွဲဖို့ရည်မှန်းထားပါတယ်။ မောင်းသူမဲ့ ယာဉ်ဝန်ဆောင်မှုတွေဟာ ယာဉ်မောင်းမလုံလောက်မှု ပြဿနာကိုလည်း ဖြေရှင်းနိုင်ဖို့ရှိပါတယ်။

Share

Loading Next Article...
က္က