ရဲတပ်ဖွဲ့က ကွန်ဒိုတိုက်ခန်းရဲ့ အိမ်ခန်းတွေမှာ ဝိုင်သောက်နေခဲ့သူရှိ မရှိ မေးမြန်းခဲ့ပါတယ်။

စင်ကာပူမှာ အထပ်မြင် ကွန်ဒိုတိုက်ခန်းတစ်ခုပေါ်မှကျလာတဲ့ ဝိုင်ပုလင်းနဲ့ထိမှန်မိပြီး သက်ကြီးရွယ်အိုတစ်ဦး သေဆုံးခဲ့မှုအတွက် အသက် ၄၇ နှစ်ရွယ် မျိုးသားတစ်ဦးကို ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၈ ရက်) က ဖမ်းဆီးလိုက်ပါတယ်။

(ကွန်ဒိုမှကျလာတဲ့ ဝိုင်ပုလင်း ထိမှန်သေဆုံးခဲ့သည့် Nasiari) (Photo: Nas Suriati Nasiari)

ရဲတပ်ဖွဲ့က ယနေ့ (သြဂုတ် ၃၀ ရက်) သတင်းထုတ်ပြန်ခဲ့ရာ သြဂုတ် ၁၈ ရက် ည ၈ နာရီ ၄၀ မိနစ်ခန့်က Spottiswoode Park ရှိ Spottiswoode 18 ကွန်ဒိုတိုက်ခန်းမှာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ပြောထားပါတယ်။ ကွန်ဒိုတိုက်ခန်းမှ ပြုတ်ကျလာတဲ့ ဝိုင်ပုလင်းက အသက် ၇၃ နှစ်အရွယ် အဘိုးအိုတစ်ဦးရဲ့ ဦးခေါင်းကို ထိမှန်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။



ထို့နောက် သတိမေ့လဲကျသွားတဲ့ အဘိုးအိုကို စင်ကာပူအထွေထွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ ဦးခေါင်းဒဏ်ရာဖြင့် နောက်တစ်ရက်မှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ကွန်ဒိုတိုက်ခန်းမှ ပြုတ်ကျလာတဲ့ ဝိုင်ပုလင်း ထိမှန်သေဆုံးခဲ့သူဟာ Nasiari Sunee အမည်ရှိ သက်ကြီးရွယ်အို အမျိုးသားဖြစ်ပြီး ကုန်ပစ္စည်းပို့ဆောင်တဲ့အလုပ် လုပ်ကိုင်သူတစ်ဦး ဖြစ်ပါတယ်။

(ဝိုင်ပုလင်းကျလာခဲ့သည့် ကွန်ဒိုတိုက်ခန်း) (Photo: Straits Times)

အခင်းဖြစ်ပွားတဲ့ ညမှာ Nasiari ဟာ ၎င်းရဲ့မိသားစုနဲ့အတူ Spottiswoode 18 ကွန်ဒိုမှာ အိမ်သစ်တက်ပွဲတစ်ခုအတွက် ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ Nasiari ရဲ့ သမီးဖြစ်သူက Straits Times သတင်းဌာနကို ပြောကြားမှုအရ သူမရဲ့ဖခင်ဟာ ဦးခေါင်းမှာသွေးထွက်ပြီး လဲကျနေတာကို မသိရှိခင်က ဒုတ်ခနဲမြည်သံနှစ်ချက် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ထို့နောက် လဲကျနေတဲ့ Nasiari ရဲ့ဘေးမှာ ဖန်ပုလင်တစ်လုံးကို တွေ့ရတယ်လို့ဆိုပါတယ်။ ရဲတပ်ဖွဲ့က Spottiswoode 18 ကွန်ဒိုတိုက်ခန်းရဲ့ အိမ်ခန်းတွေမှာ ဝိုင်သောက်နေခဲ့သူရှိ မရှိ လိုက်လံမေးမြန်းခဲ့ပါတယ်။ ထို့အတူ အီတလီဝိုင်ပုလင်းကိုလည်း ရဲတပ်ဖွဲ့က ပြသခဲ့ပြီး လက်ဗွေရာနမူနာများ ရရှိနိုင်ရန်လည်း မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

(Nasiari မိသားစုကို ၎င်းရဲသမီးငယ် မင်္ဂလာဆောင်မှာ တွေ့ရစဉ်) (Photo: Nas Suriati Nasiari)

စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် သံသယရှိသူ အမျိုးသားကို သြဂုတ် ၂၈ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကွန်ဒိုတိုက်ခန်းကနေ ဝိုင်ပုလင်းကို လွှင့်ပစ်ခဲ့ကြောင်း သံသယရှိသူကို မဆင်မခြင် လုပ်ရပ်ကြောင့် လူသေဆုံးမှုဖြစ်စေမှုတွက် တရားရုံးမှာ ယနေ့ (သြဂုတ် ၃၀ ရက်) စွဲချက်တင်မယ်လို့ သိရပါတယ်။ ထိုအမှုမှာ ပြစ်မှုထင်ရှားပါက ငါးနှစ်အထိ ထောင်ဒဏ်၊ ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရဖွယ်ရှိကြောင်း CNA သတင်းက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က