ဖေဖေမေမေတို့ အနေနဲ့ ကလေးတွေ ကို ထိန်းရခက်တဲ့အခါမျိုး၊ အလုပ်များတဲ့အခါမျိုးမှာ ငြိမ်ရင်ပြီးရောဆိုပြီး ဖုန်းတစ်လုံးနဲ့ လွှတ်ထားလိုက်မိတာမျိုးရှိတတ်ပါတယ်။ နည်းပညာခေတ်ကြီးထဲမှာ ဖုန်းတွေ၊ Tablet တွေနဲ့ ရှောင်လွှဲလို့မရပေမယ့်လည်း ကလေးတွေက Screen Time များလာတဲ့အခါမှာတော့ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေနိုင်တာကို ဖေဖေ၊မေမေတို့ သတိပြုရမှာပါ။
ဖုန်းစသုံးသင့်တဲ့အရွယ်နဲ့ သတ်မှတ်ထားရမယ့် Screen Time များ
ဖြစ်နိုင်ရင်တော့ အသက် (၅) နှစ်အောက် ကလေးတွေကို ဖုန်းပေးမသုံးသင့်သေးပါဘူး။ ဒါပေမယ့် အခုချိန်မှာကလေးတော်တော်များများက အွန်လိုင်းကနေ စာသင်ရတာဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ Screen Time အချိန်ကတော့ ရှိနိုင်ပါတယ်။ ဒါဆို စာသင်ချိန်မပါဘဲနဲ့ တစ်ခြားအချိန်တွေမှာ ကလေးတွေကို ဖုန်းသုံးတာနဲ့ ပတ်သက်ပြီး ဒီလို ကန့်သတ်နိုင်ပါတယ်။
Photo : Getty Image
အသက် ၁ နှစ်ခွဲအောက်ကလေးတွေဆိုရင်
အဖိုးအဖွားတွေ၊ အဖေအမေတွေ၊ ဆွေမျိုး၊ မိသားစုတွေနဲ့ ခဏတစ်ဖြုတ် Video Chatting လုပ်တာ လွဲရင် လုံးဝဖုန်းမပြရပါဘူး။
အသက် ၁ နှစ်ခွဲကနေ ၂ နှစ်ကလေးဆိုရင်တော့
မိသားစုနဲ့ Video Chatting ခဏတစ်ဖြုတ် လုပ်တာမျိုးအပြင် အိမ်မှာ ဖေဖေမေမေတွေနဲ့ သီချင်းတွေ အတူတူကြည့်တာ စသဖြင့် လုပ်လို့ရနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားမှာက တစ်နာရီထက်လုံးဝမကျော်သင့်ပါဘူး။
အသက် ၂ နှစ် ကနေ ၆ နှစ်ကလေးဆိုပါက
တစ်နေ့ကို ဖုန်းကြည့်ချိန် တစ်နာရီထက်မများရပါဘူး။ ၆ နှစ်အရွယ်ကတော့ ကျောင်းစထားပြီဆိုတော့ ကျောင်းမှာသင်တာပဲ ဖြစ်ဖြစ်၊ အိမ်မှာသင်တာပဲဖြစ်ဖြစ် Screen Time က ရှောင်လွှဲလို့ မရနိုင်တာမျိုး ရှိတတ်ပါတယ်။တစ်ကယ်လို့ ကလေးတွေက စာသင်တဲ့အချိန်မှာ ဖုန်း၊လက်တော့(ပ်) ၊ ကွန်ပျူတာတို့ ကြည့်တဲ့အခါမှလည်း ၂၀ မိနစ် အကြာမှာ ၂၀ စက္ကန့် ခန့် ပေ ၂၀ ကွာတဲ့ အဝေးကို ကြည့်ပြီး မျက်လုံးကို အနားပေးတာမျိုး လုပ်ပေးပါ။ လိုအပ်ပါက ရောင်ခြည်ကာ မျက်မှန်တွေ သုံးပေးပါ။
Photo : Freepik
ကလေးတွေ Screen Time များခြင်းနဲ့ နောက်ဆက်တွဲဆိုးကျိုးများ
(၁) ဆက်သွယ်ပြောဆိုမှုတွေ မလုပ်နိုင်တော့ခြင်း။
(၂) အိပ်ချိန်နည်းလာခြင်း။
(၃) လှုပ်ရှားမှုမရှိတော့ခြင်း။
(၄) အဝလွန်ခြင်း။
(၅) မျက်စိမှုန်ခြင်း။
(၆) စိတ်တိုလွယ်၊ စိတ်ဆိုးလွယ်လာခြင်း။
(၇) ဘာပဲလုပ်လုပ် အာရုံမစိုက်နိုင်တော့ခြင်း။
(၈) စကားပြောနောက်ကျခြင်း။
(၉) ထမင်းဟင်းအာဟာရကို ပုံမှန်မစားတတ်တော့ခြင်း စတဲ့ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
Photo : BabyQuip
ချက်ချင်းဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကတော့ လူတွေနဲ့ ပြောဆို ဆက်ဆံမှုတွေ မရှိတော့တာ၊ ဘယ်သူပြောပြော နားမထောင်ချင်တော့တာမျိုးတွေ ဖြစ်လာတာပါ။ တကယ်လို့ ဖေဖေမေမေတို့က ဖုန်းကို သိမ်းလိုက်တယ်ဆိုရင်လည်း အရမ်းကို စိတ်ဆိုးလွယ်တာ၊ စိတ်တိုလွယ်တာတွေဖြစ်လာတာပါ။ လေ့လာမှုတွေအရ ၅ နှစ်အောက်ကလေးတွေကို ၂ နာရီထက်ကျော်ပြီး ပေးသုံးမိရင် နောက်ပိုင်းမှာ အာရုံမစိုက်နိုင်တဲ့ ရောဂါမျိုးတွေ ဖြစ်လာမယ်။
နောက်ပြီး တစ်နေရာတည်းမှာပဲ ငြိမ်ပြီး ဖုန်းသုံးနေတဲ့အခါ ကလေးက လှုပ်ရှားမှုတွေ နည်းလာပြီး သူငယ်ချင်းတွေနဲ့လည်း မကစားတတ်တော့ပါဘူး။
ဖုန်းသုံးလို့ အထိုင်များလာတဲ့အခါ အဝလွန်ကာ ကျန်းမာရေးချို့တဲ့လာတာ၊ အိပ်ချိန်တွေ နည်းလာတာ၊နောက်ဆုံး အရေးကြီးဆုံးတာကတော့ မျက်စိမှုန်လာတာပါ။
တစ်ချို့မိဘတွေဆို ကလေးတွေကို ဖုန်းပြပြီးတော့ ထမင်းကျွေးကြပါတယ်။ ကလေးက ထမင်းစားနေတာကို အာရုံမရတော့ ထမင်းဘယ်လောက်ဝင်မှန်းမသိဘူး။ သူဗိုက်ပြည့်နေပြီလား ဆိုတာလည်းမသိတော့ဘူး။ မိဘတွေကလည်း သူစားတယ်ဆိုပြီး ကျွေးနေတော့ ဘာစားလို့ စားမိမှန်းမသိဘဲ ကျန်းမာရေးထိခိုက်တာပဲ အဖတ်တင်ပါတယ်။
Photo : Freepik
ဒါဆို ဖုန်းပေးမသုံးဘဲ ကလေးငြိမ်အောင် ဘယ်လိုလုပ်မလဲ။
တစ်အိမ်သားလုံးညီညွှတ်ပါ။
ကလေးကိုဖုန်းမပေးသုံးဘူးလို့ ဆုံးဖြတ်ထားရင် တစ်အိမ်လုံး ကလေးကို ဘယ်သူမှ ဖုန်းမပေးရပါဘူး။ အဖေအမေတွေက ပေးမသုံးပေမယ့် အဖိုးအဖွားနဲ့ကျရင် ကလေးငိုလို့ဆိုပြီး ပေးသုံးလိုက်တယ်။ ဒါမျိုးလုပ်လို့မလုပ်ရပါဘူး။ ကလေးကို ဖုန်းမပေးသုံးဘူးလို့ ဆုံးဖြတ်ထားရင် မိသားစုအားလုံးက သဘောတူထားရပါမယ်။
ကလေးတွေရှေ့မှာ ဖုန်းမသုံးပါနဲ့။
ကလေးကို ဖုန်းမပေးသုံးဘူးဆိုရင် လူကြီးတွေကိုယ်တိုင်က ကလေးရှေ့မှာ ဖုန်းမသုံးသင့်ပါဘူး။ ဖုန်းသုံးမယ့်အစား ကလေးနဲ့ အတူတူ ဆော့တာမျိုးလုပ်ပေးပါ။ ကလေးက နည်းနည်းနားလည်တဲ့ အရွယ်ဆိုရင်တော့ ဒီဟာက မကောင်းဘူးဆိုတာကို ရှင်းပြထားပါ။
Physical Activity များများလုပ်ပေးပါ။
ကလေးတွေကို ကစားကွင်းခေါ်သွားတာ၊ မိဘနဲ့ အတူတူကစားတယ် များများလုပ်ပေးပါ။ သူငယ်ချင်းတွေနဲ့ အတူတူဆော့ခိုင်းတာမျိုး များများအားပေးပါ။ မိဘတွေကိုယ်တိုင်ပါဝင်ပါ။
အကျိုးရှိတဲ့ အစီအစဥ်တွေကြည့်ပါ။
ကလေးကို တစ်နေ့ကို အချိန် အနည်းငယ်လောက် Screen Time ပေးတယ်ဆိုရင်တောင်မှ အကျိုးရှိတဲ့အစီအစဥ◌်လေးတွေ ကြည့်တာမျိုး၊ ပုံပြင်တွေ ဖတ်တာ၊ အင်္ဂလိပ်စာလေးတွေ ဖတ်ခိုင်းတာ စသဖြင့် ဒီလိုမျိုး အကျိုးရှိတာလေးတွေ ကြည့်ခိုင်းပါ။
ဖော်ပြပါသတင်းဆောင်းပါးအချက်အလက်များသည် ပန်းလှိုင်ဆေးရုံမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြတ်မြတ်နွယ် မှ အကြံပြုဝေမျှထားခြင်းဖြစ်ပါသည်။