ယူနိုက်တက်ကတော့ အိမ်ကွင်းမှာ အပိုင်အခွင့်အရေးပေါင်းများစွာ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ နောက်ဆုံးမိနစ်အထိ အနိုင်ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒီပွဲမှာ လူငယ်၊ လူကြီး ရောသုံးမယ်လို့ အားလုံးကထင်ခဲ့ကြပေမယ့် တန်ဟက်ခ်ကတော့ လူစုံတက်စုံပဲ ပွဲထုတ်ခဲ့ပါတယ်။
ရော်နယ်ဒို၊ ကက်စ်မဲရိုးတို့ ပွဲထွက်လာခဲ့သလို ဗာရန်းကလွဲရင် နောက်တန်းမှာလည်း လူစုံခဲ့ပါတယ်။ အသင်းက ပထမပိုင်းမှာတင် ဂိုးကန်သွင်းခွင့် အကြိမ်ပေါင်းများစွာရရှိခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမား လက်စွမ်းပြခဲ့တာ၊ ယူနိုက်တက်ကစားသမားတွေ ဂိုးကံခေနေခဲ့တာတွေကြောင့် နစ်နာခဲ့ရပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဂိုးပေါက်ကန်သွင်းခွင့်က အကြိမ် (၃၀) ဝန်းကျင်ရရှိခဲ့တာပါ။
အိုမိုးနီးယားဂိုးသမား အူဇိုဟိုကိုလည်း ချီးကျူးရမှာပါ။ ယူနိုက်တက်ရဲ့ ဂိုးပေါက်တည့်ကန်ချက်ကလည်း (၁၀) ကြိမ် ဝန်းကျင်မှာရှိခဲ့တာတောင် အသင်းငယ်လေးကို အိမ်ကွင်းမှာ တဂိုးတောင်မသွင်းနိုင်ခဲ့ရင် ယူနိုက်တက်ကစားသမားတွေအတွက် တော်တော်လေး မျက်နှာပျက်စရာဖြစ်ရမှာပါ။
ဒုတိယပိုင်းမှာ တန်ဟက်ခ်က အဲရစ်ဆင်၊ ဆန်ချို၊ လုခ်ရှော၊ တွမ်မီနေးတို့ကို ထည့်သုံးခဲ့ပြီး နောက်ဆုံးမိနစ်မှာ တွမ်မီနေးက ဆန်ချိုရဲ့ မွှေနှောက်မှုကတဆင့် အသင်းအတွက် တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူနိင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် နောက်တဆင့်ကို တက်သွားခဲ့ပြီလို့ ပြောနိုင်ပြီး လက်ကျန်ပွဲနှစ်ပွဲကို ဖိအားကင်းကင်းနဲ့ ကစားနိုင်ပြီဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီ ယူရိုပါလိဂ်အိမ်ကွင်းပွဲ (၂) ပွဲ ကစားထားပြီး တပွဲနိုင်၊ တပွဲရှုံးရလဒ်ထွက်ပေါ်ထားပါတယ်။ ဆိုစီဒက်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အခု အိုမိုးနီးယားကိုတော့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်ကတော့ အဝေးကွင်းမှာ ဘိုဒိုဂလင့်မ်ကို ဆာကာရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။