အလေးချိန် ပေါင် ၂၂၀ အထိရှိတဲ့ ပင်လယ်ပြင်အမှိုက်တွေကို ထိတ်လန့်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။

စကော့တလန်နိုင်ငံ ကမ်းခြေတစ်ခုမှာ သောင်တင်သေဆုံးနေတဲ့ ဝေလငါးကြီးတစ်ကောင်ရဲ့ အစာအိမ်အတွင်း အလေးချိန် ပေါင် ၂၂၀ အထိရှိတဲ့ ပင်လယ်ပြင်အမှိုက်တွေကို ထိတ်လန့်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။

(Photo: SMASS/Facebook)

သောင်တင်သေဆုံးနေတဲ့ ဝေလငါးရဲ့ အစာအိမ်အတွင်း ပိုက်ကွန်းများ၊ ကြိုးခွေများ၊ ပလတ်စတစ်ခွက်များ၊ ပလစ်စတစ်အိတ်များ၊ လက်အိတ်များ အစရှိတဲ့ အမှိုက်တွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ Sperm အမျိုးအစား ဝေလငါးဟာ နိုဝင်ဘာ ၂၈ ရက်နေ့က ဟာရစ်ကျွန်းပေါ်မှာ သောင်တင်နေခဲ့ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဝေလငါးများ သောင်တင်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ Scottish Marine Animal Strandings Scheme (SMASS) အဖွဲ့အစည်းမှ အဖွဲ့ဝင်များ ဟာရစ်ကျွန်းသို့မရောက်မီ အဆိုပါ ဝေလငါးဟာ သေဆုံးနေခဲ့ပြီလို့လည်း သိရပါတယ်။ SMASS က ဝေလငါးကို စစ်ဆေးခဲ့ရာမှာတော့ အစာအိမ်အတွင်း ကြီးမားတဲ့ ပင်လယ်ပြင်အမှိုက် အလုံးအထွေးကြီးကို တွေ့ခဲ့ကြရပါတယ်။

(Photo: SMASS/Facebook)

"ကျွန်တော်တို့ ရောက်ရှိသွားချိန်မှာ ဝေလငါးက သေဆုံးနေခဲ့ပြီးတာ ၄၈ နာရီကြာပြီ ဖြစ်ပါတယ်၊ ဒီဝေလငါးရဲ့ အစာအိမ်ထဲမှာ ခန့်မှန်းခြေ ပေါင် ၂၂၀ လောက်ရှိတဲ့ ပင်လယ်ပြင်အမှိုက်တွေ တစ်ပုံကြီးတွေ့ရတယ်၊ ပလစ်စတစ်ပစ္စည်းတွေပေါ့၊ ဒီအမှိုက်လုံးကြီးက ဝေလငါးရဲ့ အစာအိမ်ထဲမှာရှိနေခဲ့တာ အချိန်အနည်းငယ်ကြာပြီ ထင်ပါတယ်" လို့ SMASS အဖွဲ့အစည်းက Facebook ပို့စ်တစ်ခုမှာ ရေးသားထားပါတယ်။ ဝေလငါးရဲ့အစာအိမ်အတွင်းရှိ အမှိုက်ပမာဏက ၎င်းရဲ့ အူတွေကို ထိခိုက်စေခဲ့ကြောင်း အထောက်အထား မတွေ့ရဘူးလို့လည်း SMASS အဖွဲ့ဝင်တွေက ဆိုပါတယ်။

(Photo: SMASS/Facebook)

"ဝေလငါးက ကျန်းမာရေးအခြေအနေ ဆိုးရွားနေတာတော့ မဟုတ်ဘူး၊ အစာအိမ်ထဲက အမှိုက်ပမာဏက သောင်တင်ခဲ့မှုရဲ့ အကြောင်းရင်တစ်ရပ် ဖြစ်ပါတယ်၊ ဒီအမှိုက်တွေက ဝေလငါးရဲ့ အူတွေကို သက်ရောက်မှုဖြစ်ခဲ့တာ ဒါမှမဟုတ် ပိတ်ဆို့စေခဲ့တာမျိုးတော့ အထောက်အထား ရှာမတွေ့နိုင်ခဲ့ပါဘူး၊ အစာအိမ်ထဲမှာ ဒီလောက် ပလတ်စတစ်အမှိုက်ပမာဏကို တွေ့ရတာကတော့ ထိတ်လန့်ကြောက်မက်ဖွယ်ပါပဲ" လို့ SMASS က ပြောပါတယ်။ SMASS က ဝေလငါးရဲ့ အစာအိမ်အတွင်း ယခုကဲ့သို့ အလွန်များပြားတဲ့ ပင်လယ်ပြင်အမှိုက်တွေ ရောက်ရှိနေမှုအပေါ် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က