အပျော်စီးသင်္ဘောပေါ်မှာ လူ ၁၃၀၀ ကျော် လိုက်ပါသွားခဲ့ပါတယ်။

နော်ဝေနိုင်ငံ အနောက်ဘက်ကမ်းလွန် လှိုင်းထန်နေတဲ့ ပင်လယ်ပြင်မှာ အပျော်စီးသင်္ဘော စက်ချို့ယွင်းပြီး သောင်တင်နေခဲ့ကြတဲ့ လူဦးရေ ၁,၃၀၀ ကျော်ကို ရဟတ်ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ရန် လုပ်ဆောင်ခဲ့ရကြာင်း သိရပါတယ်။

(Photo: CNN)

Viking Sky အပျော်စီးသင်္ဘောဟာ စနေနေ့ (မတ်လ ၂၃ ရက်) က စက်ချို့ယွင်းမှုဖြစ်ပြီး လှိုင်းလေထန်နေတဲ့ ပင်လယ်ပြင်မှာ မျောပါနေခဲ့ရာ ကပ္ပတိန်ဖြစ်သူက ဘေးဒုက္ခကြုံနေကြောင်း ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။

လှိုင်းလေထန်နေတဲ့ ပင်လယ်ပြင် အခြေအနေေကြောင့် အပျော်စီးသင်္ဘောကို ထိန်းသိမ်းနိုင်ရန် အခက်ကြုံခဲ့ရပြီး သင်္ဘောတိမ်းစောင်မှုတွေဖြစ်ကာ ကျောက်ဆောင်များနဲ့ တိုက်မိနိုင်တဲ့အန္တရာယ် ရှိနေခဲ့တယ်လို့ဆိုပါတယ်။ Viking Sky အပျော်စီးသင်္ဘောဟာ စနေနေ့ မွန်းလွဲပိုင်းမှစပြီး More og Romsdal ကမ်းလွန် ၁.၂ မိုင်အကွာ လှိုင်းလေထန်ပြီး ဘေးအန္တရာယ်ရှိတဲ့ ပင်လယ်ပြင်မှာ စတင်မျောပါနေခဲ့ပါတယ်။

(Photo: CNN)

ထိုအခြေအနေအရ အာဏာပိုင်တွေက အပျော်စီးသင်္ဘောပေါ်မှာ ရှိနေသူတွေကို ရဟတ်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင် ရွှေ့ပြောင်းပေးရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ယနေ့ (မတ်လ ၂၄ ရက်) မနက်အစောပိုင်းမှာတော့ အပျော်စီးသင်္ဘော အမှုထမ်းတွေက သင်္ဘောရဲ့အင်ဂျင်လေးလုံးအနက် သုံးလုံးကို ပြန်လည်ပတ်နိုင်ရန် လုပ်ဆောင်နိုင်ခဲ့ကြပြီလို့ ဆိုပါတယ်။

အင်ဂျင်များ ပြန်လည်ပတ်နိုင်ချိန်မှာ အပျော်စီးသင်္ဘောဟာ အန္တရာယ်ရှိတဲ့ ကျောက်ဆောင်ထူထပ်ရာ ကမ်းခြေကို ဦးတည်မျောပါနေခဲ့ပြီး ထိုကမ်းခြေသို့ရောက်ရန် ရေမိုင် ၂ မိုင် သို့မဟုတ် ၃ မိုင်အကွာမှာ ရောက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ထို့နောက် Viking Sky အပျော်စီးသင်္ဘောကို ဆွဲသင်္ဘော အကူအညီဖြင့် အော်စလိုမြို့ အနောက်မြောက်ဘက် မိုင် ၃၁၀ ကျော်မှာရှိတဲ့ Molde ဆိပ်ကမ်းသို့ သွားရောက်စေမယ်လို့ သိရပါတယ်။ ပင်လယ်ပြင်မှာ မျောပါနေခဲ့တဲ့ အပျော်စီးသင်္ဘောပေါ်မှ လူတွေကို ရွှေ့ပြောင်းပေးရန် ရဟတ်ယာဉ်ငါးစီး၊ ကမ်းခြေစောင့်နဲ့ အခြား သင်္ဘောများက ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

အင်ဂျင်တွေ ပြန်လည်ပတ်နိုင်ချိန်အထိ သင်္ဘောပေါ်ရှိ လူဦးရေ ၁,၃၇၃ အနက်မှ ၃၃၈ ဦးကို ရဟတ်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဟတ်ယာဉ်တစ်စီးက တစ်ကြိမ်လျှင် လူ ၁၅ ဦးမှ ၂၀ ဦးအထိ သယ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

(Photo: Cruise Industry News)

အပျော်စီးသင်္ဘောပေါ်မှ လူတွေကို ရဟတ်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင် ရွှေ့ပြောင်းမှုအား ယနေ့ မနက်အစောပိုင်းအထိ ဆက်လက် လုပ်ဆောင်နေကြောင်း နော်ဝေ အရေးပေါ်ဆိုင်ရာဌာနမှ ပြောခွင့်ရအမျိုးသား Per Fjeld က ပြောပါတယ်။

"ဘဝမှာ တစ်ခါမှ ဒီလို အရမ်းကြောက်စရာကောင်းတာ မကြုံခဲ့ဖူးဘူး၊ ကျွန်မတော့ ဆုတောင်းနေခဲ့တာပါပဲ၊ သင်္ဘောကြီးပေါ်မှာရှိတဲ့ လူတွေအားလုံး ဘေးကင်းဖို့ပေါ့၊ ရဟတ်ယာဉ် စီးရတာကလည်း ကြောက်စရာကောင်းပါတယ်၊ လေတွေ တိုက်နေတာက လေဆင်နှာမောင်းကျနေတာပဲ" လို့ ရဟတ်ယာဉ်ဖြင့် အပျော်စီးသင်္ဘောပေါ်မှာ လိုက်ပါခဲ့တဲ့ ခရီးသည်တစ်ဦးဖြစ်သူ Janet Jacob က NRK ရုပ်မြင်သံကြားသတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။

(Photo: @alexus309/Twitter)

နော်ဝေအခြေစိုက် Viking Ocean Cruisers ကုမ္ပဏီက ဝန်ဆောင်မှုပေးနေတဲ့ Viking Sky သင်္ဘောဟာ ခေတ်မီ အပျော်စီးသင်္ဘောတစ်စီးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ခရီးစဉ်များ စတင်ပြေးဆွဲခဲ့ပါတယ်။ အဆိုပါ အပျော်စီးသင်္ဘောကြီးပေါ်မှာ ခရီးသည် ၉၃၀ နဲ့ အမှုထမ်းအဖွဲ့ လိုက်ပါနိုင်တယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က