ဘိုင်ယန်မြူးနစ်မှာ ထင်မှတ်မထားလောက်အောင်ကို ခြေစွမ်းပြနေတဲ့ ချူပိုမိုတင်းကတော့ မနေ့ညက ဟာသာဘာလင်ကို ၂-၃ နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် ၂ ဂိုးအထိ ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ နိုင်ဂျီးရီးယားတိုက်စစ်မှူးရဲ့ ဂိုးသွင်းခြေမြင့်မားနေမှုက ပရိသတ်တွေအားလုံးကို အံ့အားသင့်လောက်အောင်ကို ပြုလုပ်နေတာဖြစ်ပြီး သူ့ခြေစွမ်းက အားလုံးစောင့်ကြည့်ရတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။
ဒီရာသီမှာ ချူပိုမိုတင်းက ဘိုင်ယန်အတွက် သွင်းဂိုး ၁၀ ဂိုးအထိ ရရှိသွားပြီဖြစ်ကာ ဖန်တီးမှု ၃ ကြိမ်လည်း ပြုလုပ်ထားပြီးဖြစ်ပါတယ်။ ဘွန်ဒက်လီဂါ နောက်ဆုံး ၄ ပွဲမှာ ၆ ဂိုးသွင်းထားပြီး ချန်ပီယံလိဂ်နောက်ဆုံး ၄ ပွဲမှာ ၃ ဂိုးအထိ ချူပိုမိုတင်းက ရရှိခဲ့ကာ အသင်းရဲ့အဓိကတိုက်စစ်မှူးဆိုတဲ့ ပုံစံအထိပါ ရောက်ရှိလာခဲ့ပါတယ်။
အရန်တိုက်စစ်မှူးအဖြစ်နဲ့သာ ဘိုင်ယန်မှာ ရှိနေခဲ့တဲ့ ချူပိုမိုတင်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က ဖရိုင်းဘတ်ကို ၅-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ဝင်ကစားခွင့်ရခဲ့ပြီး ၁ ဂိုးသွင်း၊ ၁ဂိုးဖန်တီးပေးနိုင်ခဲ့ရာကနေ တေက်လျှောက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ သူ့ရဲ့ ဂိုးသွင်းနှုန်းက ကျမသွားဘဲ ဆက်တိုက်ဂိုးတွေရနေခဲ့ပြီး ဘိုင်ယန်တိုက်စစ်မှာ လီဝန်ဒေါစကီးကို မေ့လိုက်တော့လို့တောင် ပြောနေသလိုပါပဲ။
လီဝန်ဒေါစကီးထွက်သွားခဲ့လို့ ဘိုင်ယန်က အခက်တွေ့မယ့် ထင်ခဲ့ရပေမယ့် ချူပိုမိုတင်းက မထင်မှတ်ဘဲ ခြေစွမ်းပြကစားပေးနေပြီး မာနေးလည်းရှိနေလို့ သူတို့အတွက် အခက်အခဲမရှိခဲ့ပါဘူး။ ဘိုင်ယန်ရဲ့ အဓိကကစားသမားလို့ ပြောရမယ့် မာနေးက သွင်းဂိုး ၁၁ ဂိုးနဲ့ ဖန်တီးမှု ၄ ကြိမ်ရရှိထားပြီး ဒါက ချူပိုမိုတင်းနဲ့ သိပ်မကွာဟတဲ့အနေအထားဖြစ်ကာ ပွဲကစားချိန်မိနစ်နဲ့ နှိုင်းယှဉ်ရင် ချူပိုမိုတင်းကတောင် ဂိုးသွင်းအားပိုကောင်းနေတာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။
မနေ့ညက ပွဲမှာလည်း ချူပိုမိုတင်းက မာနေးရဲ့ ဖန်တီးပေးမှုကနေ တဂိုးသွင်းယူခဲ့ပြီး နောက်တဂိုးကိုလည်း ပြန်အံထွက်လာတာကို ပိတ်သွင်းယူခဲ့တာပါ။ ၁ မိနစ်ခွဲအတွင်းမှာပဲ ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။