Covid 19ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် လက်လုပ်လက်စားတွေအတွက် စားသောက်ကုန်မှာဝယ်ယူရာမှာအဆင်ပြေအောင် အခြေခံစားသောက်ကုန်တွေကို စက်မှုဇုန်ထဲက မြို့တွေမှာ သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ဒီကနေ့ မတ်လ(၂၆)ရက်နေ့စပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်ထံမှသိရပါတယ်။
စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေအဆင်ပြေစေဖို့အတွက အလုပ်ဆင်းချိန်တွေမှာ ရောင်းချပေးသွားမှာလို့ မြန်မာဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးစန်းလင်းက Duwun ကိုပြောပါတယ်။
“ ဆန်၊ ဆီ၊ ဆားတွေကို အဓိကရောင်းချပေးတာပါ။ ဆန်တစ်ပြည်ကို တစ်ထောင်နဲ့ ဝယ်သူ မကန့်သတ်ထားဘူး။ ဝယ်သူမကန့်သတ်ထားသလို တစ်ဦးကို ဘယ်လောက်ပဲဝယ်ယူရမယ်ဆိုပြီးလည်းမကန့်သတ်ဘူး။ လှိုင်သာယာနဲ့ တခြားစက်မှုဇုန်တွေမှာလည်းသွားရောင်းချပေးမယ်။ ဆီက တစ်ပိဿာလေးဆယ် အလေးချိန်ရှိတဲ့တစ်ဗူးကို ၃၀၀၀၊ ဆားတစ်ထုပ်ကို ၁၀၀နဲ့ရောင်းချပေးသွားမှာ။ အပြင်ဈေးတွေထက်ဆာရင် ဆန်က (၃၀၀)သက်သာတယ် ၊ ဆီက (၈၀၀)သက်သာတယ်” လို့ ဦးစန်းလင်းကပြောပါတယ်။
အခုလို စားသောက်ကုန်တွေကို သက်သာတဲ့ ဈေးနဲ့ ရောင်းတဲ့နေရာမှာလည်း လူစုလူဝေးမဖြစ်အောင် ၁မီတာအကွာလောက်ခြားပြီးရောင်းမယ်လို့လည်းသိရပါတယ်။
ဒီကနေ့ ညနေပိုင်းမှာတော့ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးရှေ့မှာ စတင်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။
အခုလို အခြေခံစားသောက်ကုန်တွေကို ပြည်သူတွေအတွက် သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးတဲ့ အစီအစဉ်ကိုတော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နဲ့ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။