လာမယ့်စက်တင်ဘာ ၈ ရက်ကစပြီး ရန်ကုန်တစ်တိုင်းလုံးရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင် ရောင်းချခွင့်မပြုတော့ဘဲ ပါဆယ်ဖြင့်သာရောင်းချရတော့မယ်လို့ သိရပါတယ်။
ယခင်က ရန်ကုန်တိုင်းအတွင်းက Stay At Home မြို့နယ် (၇) ခုကိုသာ ပါဆယ်စနစ်နဲ့ရောင်းချဖို့ ကြေညာထားပေမယ့် အခုတော့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အားလုံးက ပါဆယ်စနစ်နဲ့ရောင်းချရတော့မှာပါ။ ပါဆယ်စနစ်နဲ့သာရောင်းချဖို့ မြို့နယ်အချို့မှာ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ လိုက်လံဆော်သြနေသံကြတဲ့အတွက် ရန်ကုန်တစ်တိုင်းလုံးရှိ စားသောက်ဆိုင်အားလုံးပါဝင်သလားလို့ Duwun က ဆက်သွယ်မေးမြန်းရာမှာတော့...
'' ဟုတ်ပါတယ်။ ၈ ရက်နေ့စမယ်။ ကျွန်တော်တို့မြို့နယ်မှာလည်း အုပ်ချုပ်ရေးမှူးတွေက လိုက်လံဆော်သြနေပြီ'' လို့ ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကို အတည်ပြုပါတယ်။
Stay at Home မြို့နယ် (၇) ခုက စားသောက်ဆိုင်တွေ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ကိုတော့ စက်တင်ဘာ (၃) ရက်ကတည်းက ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးအနေနဲ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ စုဝေးစားသောက်ခြင်းတွေကို ခွင့်မပြုဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချစေဖို့ အတွက်သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီအသီးသီးကနေ ညွှန်ကြားထားတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဩဂုတ်လ ၁၆ ရက်နောက်ပိုင်းကစပြီး တစ်ကျော့ပြန်ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ပိုးတွေ့လူနာတွေ့ရှိမှုနှုန်းတွေ မြင့်တက်လာနေပြီး ဒီနေ့ စက်တင်ဘာ ၆ ရက်နေ့ မနက် ၈ နာရီအထိ ရန်ကုန်တိုင်းမှာတော့ ပိုးတွေ့လူနာ ၂၉၅ ဦးအထိရှိလာခဲ့တာပါ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၆ ရက် ည ၈ နာရီထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၄၁၉ ဦးရှိနေပြီး သေဆုံးသူ ၈ ဦးအထိရှိလာခဲ့ပါတယ်။