စက်တင်ဘာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာအလယ်တန်းအဆင့်တွေ စတင်ဖွင့်လှစ်တော့မယ်လို့ အခြေခံပညာဦးစီးဌာနကနေသိရပါတယ်။
လက်ရှိမှာ အလယ်တန်းတွေကို ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့ အညီဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပြီး တစ်နိုင်ငံလုံးက အလယ်တန်းတွေကို တပြေးညီ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်မယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။
“ အလယ်တန်းကျောင်းတွေက အခုဆို ကိုဗစ်စည်းကမ်းနဲ့အညီ ပြင်ဆင်နေကြတာ တွေ့ရတယ်။ ပြင်ဆင်ဖို့ လိုအပ်တဲ့ဘတ်ဂျက်ကိုလည်း ခွဲဝေပေးပြီးပါပြီ။ အစောဆုံးကတော့ နောက်တစ်လ (စက်တင်ဘာ) ထဲမှာ ဖွင့်နိုင်မှာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တပြေးညီ ဖွင့်နိုင်အောင်လုပ်မယ်။ အထက်တန်းတွေ ဖွင့်တုန်းကလို ဆန်းစစ်ချက် မပြည့်တဲ့ကျောင်းဆို မဖွင့်နိုင်တာမျိုးမဖြစ်အောင်ပေါ့” လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။
ဓာတ်ပုံ- ဇူလိုင် ၂၁ ရက်က အထက်တန်းကျောင်းများ ဖွင့်လှစ်စဉ်။
အလယ်တန်းတွေကိုလည်း အထက်တန်းကျောင်းတွေကို စစ်ဆေးသလို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆန်းစစ်ချက်ပြည့်မီမှု အချက်ပေါင်း (၈၀) နဲ့ညီမညီ စစ်ဆေးပြီး ဖွင့်လှစ်သွားမှာဖြစ်ကာ အလယ်တန်းအဆင့်ဖွင့်ပြီးလို့ နှစ်ပတ်ဆက်လက်စောင့်ကြည့်ပြီးရင် မူလတန်းတွေ ဆက်လက်ဖွင့်လှစ်သွားမယ်လို့လည်းသိရပါတယ်။
တစ်နိုင်ငံလုံးမှာ အလယ်တန်းကျောင်းသား ၃ သန်းနီးပါးရှိနေပြီး အလယ်တန်းကျောင်းပေါင်း ၁ သောင်းခွဲနီးပါးရှိတယ်လို့လည်း အခြေခံပညာဦးစီးဌာနက အချက်အလက်တွေအရ သိရပါတယ်။
အခြေခံပညာအထက်တန်းကျောင်းပေါင်း (၇၁၇၃) ကျောင်းရှိတဲ့အနက် လက်ရှိမှာ (၄၁၅၆) ကျောင်းဖွင့်လှစ်ထားပြီး ကျန်ရှိတဲ့ ကျောင်းပေါင်း ၃၀၀၀ ကျော်ကို ယခုလအတွင်း အပြီးသတ်ဖွင့်လှစ်သွားမယ်လို့လည်း အခြေခံပညာဦးစီးဌာန ဒုညွန်ချုပ် ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။