တစ်ခွေလုံး ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေချည်းပါပဲ။

လူငယ်အဆိုတော် မိစန္ဒီကတော့ သူ့ရဲ့ လေးခွေမြောက် Album လေးကို မကြာခင် ပရိသတ်တွေ လက်ထဲ အရောက်ပို့နိုင်အောင် ကြိုးစားနေပါတယ်။ သူ့ရဲ့ အခွေကိုတော့ စက်တင်ဘာလထဲမှာ ထွက်မယ်လို့ ဆိုပါတယ်။

 

Photo : မိစန္ဒီ

အဆိုတော် မိစန္ဒီကတော့ လက်ရှိမှာ သူမရဲ့ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်လို့နေပါတယ်။ “သတ္တိခဲ” လို့ နာမည်ပေးထားတဲ့ သူမရဲ့ အခွေကို စက်တင်ဘာလထဲမှာ ထွက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ခါထွက်မယ့် သူမရဲ့ အခွေက အရင်ခွေတွေနဲ့ လုံးဝကို ကွဲထွက်အောင် ပြင်ဆင်ထားတယ်လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

“လက်ရှိကတော့တစ်ကိုယ်တော် အခွေအတွက် အာရုံစိုက်နေတယ်။ သီချင်း အားလုံးကိုယ်တိုင်ရေးထားတယ်။ လေးခွေမြောက် အခွေထဲမှာ အားဖြည့်ပြီးဆိုပေးထားတဲ့ အဆိုတော်အားလုံးက မိန်းကလေး အဆိုရှင်တွေချည်းပါပဲ။ဒီအခွေက အရင်အခွေတွေနဲ့ လုံးဝကို ကွဲထွက်အောင် ပြင်ဆင်ထားတယ်။ အဲ့ဒါကြောင့်လည်း စိတ်လှုပ်ရှားနေပါတယ်” လို့ သူမက ဆိုပါတယ်။

Photo : မိစန္ဒီ

ဒီအခွေထဲမှာ ပါဝင်တဲ့ သီချင်းတွေ အားလုံးကိုလည်း သူမကိုယ်တိုင်ရေးသားထားပြီး သူမရဲ့ ပျော်ရွှင်မှုတွေ၊စိတ်ညစ်မှုတွေ၊ ပြောင်းလဲလာမှုတွေကို ဒီအခွေထဲမှာ တွေ့ရမယ်လို့ ဆိုပါတယ်။

“ဒီအခွေက မိစန္ဒီရဲ့ ဘဝမှာ သီချင်းတွေအားလုံးကို ကိုယ်တိုင်ရေးထားတဲ့အခွေပေ့ါ။ စိန်ခေါ်မှု တစ်ခုလိုဖြစ်နေတယ်။ ဒီအခွေထဲမှာ မိစန္ဒဘဝမှာ အရမ်း ၂နှစ်လုံး အရမ်း Personal ဆန်တဲ့ story တွေ ဒီအခွေထဲမှာပါတယ်။ ပျော်တာတွေရှိမယ်။ စိတ်ညစ်တာတွေရှိမယ်။ ကိုယ်ပြောင်းလဲတာတွေရှိမယ်။ ဘဝမှာ အရမ်းကို စိတ်လှုပ်ရှားဆုံးအခွေလို့ ပြောလို့ရပါတယ်။ အရမ်းလည်း ရင်ခုန်နေပါတယ်။ strong ဖြစ်အောင် သတ္တိခဲဆိုပြီးပေးထားတယ်"”လို့ သူမကပြောပြခဲ့ပါတယ်။

Photo : မိစန္ဒီ

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က